ဆိပ်ကြီးခနောင်တိုမြို့နယ်၌ ၂၀၂၀ ပြည့်နှစ်၊ အထွေထွေရွေးကောက်ပွဲအတွက် ဒုတိယအကြိမ် မဲဆန္ဒရှင်စာရင်းများကပ်ထားကြေညာ

ဆိပ်ကြီးခနောင်တို အောက်တိုဘာ  ၂

ရန်ကုန်တိုင်းဒေသကြီး၊ တောင်ပိုင်းခရိုင်၊ ဆိပ်ကြီးခနောင်တိုမြို့နယ်တွင် ၂၀၂၀ ပြည့်နှစ်၊ နိုဝင်ဘာ(၈)ရက်နေ့တွင် ကျင်းပပြုလုပ်မည့် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲ အောင်မြင်စွာ ကျင်းပနိုင်ရေးအတွက် မဲဆန္ဒရှင်စာရင်းများအား ဒုတိယအကြိမ် ကပ်ထားကြေညာ ခြင်းကို ယနေ့မန်နံနက်ပိုင်းမှစတင်၍ ရပ်ကွက်ကျေးရွာရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲရုံးတွင် ကပ်ထားကြေညာပေးလျက်ရှိသည်။

အဆိုပါ ဆန္ဒမဲပေးပိုင်ခွင့်ရှိသူ မဲဆန္ဒရှင်စာရင်းများဒုတိယအကြိမ် ကပ်ထားကြေညာခြင်းကို အောက်တိုဘာ(၁)ရက်နေ့မှ (၁၄)ရက်နေ့အထိ နောက်ဆုံးအကြိမ်အဖြစ် သက်ဆိုင်ရာရပ်ကွက်/ ကျေးရွာရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲရုံးများတွင် ကပ်ထားကြေညာပေးထားမည်ဖြစ်ပြီး  ဆန္ဒမဲစာရင်းတွင် မိမိအမည်မပါရှိပါက ပုံစံ-၃ ဖြင့် အမည်ထည့်သွင်းရန် တောင်းဆိုခြင်း၊ မဲစာရင်းပါ အချက်အလက်များ မှားယွင်းနေပါက ပုံစံ-၄(ဂ)ဖြင့် ပြင်ဆင်လွှာတင်သွင်းခြင်း၊ အခြားဒေသမှ လာရောက်နေထိုင်သူများဖြစ်ပါက ပုံစံ-၃(က)ဖြင့် လျှောက်ထားခြင်း၊ မဲစာရင်း တွင် မပါဝင်သင့်သူများ ပါဝင်ပါက ပုံစံ-၄ ဖြင့်ကန့်ကွက်ခြင်းများကို လျှောက်ထား လာသူများ ရှိပါက သက်ဆိုင်ရာ တာဝန်ရှိသူများမှ ပြန်လည်စိစစ်၍ ဆောင်ရွက် ပေးသွားမည်ဖြစ်ပြီး ဆန္ဒမဲ ပေးပိုင်ခွင့်ရှိသူတိုင်း မဲပေးခွင့်မဆုံးရှုံးစေရေးအတွက် မဲစာရင်းများ လာရောက်ကြည့်ရှုရန် နှိုးဆော် ထားကြောင်း သိရသည်။

ဆိပ်ကြီးခနောင်တိုမြို့နယ်တွင် နောက်ဆုံးအကြိမ်ကပ်ထားကြေညာထားသည့် မဲဆန္ဒရှင် စာရင်း အရ ဆန္ဒမဲပေးပိုင်ခွင့်ရှိသူ (၂၅,၇၃၅)ဦး ရှိပြီး ဆန္ဒမဲပေးနိုင်ရန် မဲရုံ(၃၅)ရုံရှိကြောင်း       မြို့နယ် ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲရုံးမှ သိရသည်။

ဇာခြည်စိမ့်