မော်လမြိုင် ဧပြီ ၈
မွန်ပြည်နယ်၊ မော်လမြိုင်မြို့ ၂၀၂၃ ခုနှစ် မွန်ပြည်နယ် အစိုးရအဖွဲ့ ဝန်ကြီးချုပ်ဖလား (၁၀)မြို့နယ် အသက်(၁၉)နှစ်အောက် အမျိုးသား ဘောလုံး ပြိုင်ပွဲ “ဗိုလ်လုပွဲနှင့် ဆုချီးမြှင့်ပွဲ” အခမ်းအနားကို ဧပြီလ ၇ ရက်နေ့ ညနေပိုင်းက မော်လမြိုင်မြို့ ရာမညအားကစားကွင်း၌ ကျင်းပရာ ပြည်နယ်ဝန်ကြီးချုပ် ဦးအောင်ကြည်သိန်း၊ ပြည်နယ်တရားလွှတ်တော် တရားသူကြီးချုပ် ဦးညီညီစိုး၊ ပြည်နယ် အစိုးရအဖွဲ့ဝင် ဝန်ကြီးများ၊ ဌာနဆိုင်ရာတာဝန်ရှိသူများ၊ အားကစားဝါသနာရှင်များ၊ ဖိတ်ကြားထားသော ဧည့်သည်တော်များ တက်ရောက်ခဲ့သည်။
အခမ်းအနားတွင် ဗိုလ်လုပွဲ ပွဲစဉ်အဖြစ် ကျိုက်မရောမြို့နယ်ဘောလုံးအသင်းနှင့် သထုံမြို့နယ် ဘောလုံး အသင်းတို့ယှဉ်ပြိုင်ကစားနေမှုကို ပြည်နယ်ဝန်ကြီးချုပ်၊ ပြည်နယ်တရား လွှတ်တော် တရားသူကြီးချုပ်၊ ပြည်နယ် အစိုးရအဖွဲ့ဝင် ဝန်ကြီးများက ကြည့်ရှုအားပေးခဲ့သည်။
ထို့နောက် ဆုပေးပွဲအခမ်းအနားကို ဆက်လက်ကျင်းပရာ ပြိုင်ပွဲတွင် ပထမ၊ ဒုတိယ၊ တတိယနှင့် ပွဲစဉ်တစ်လျှောက် အကောင်းဆုံးဆုရရှိသူများအားပြည်နယ်ဝန်ကြီးချုပ်၊ ပြည်နယ်တရား လွှတ်တော် တရားသူကြီးချုပ်၊ ပြည်နယ် အစိုးရအဖွဲ့ဝင် ဝန်ကြီးများက ဆုများအသီးသီးပေး အပ်ချီး မြှင့်ခဲ့ကြောင်း သိရှိရသည်။
စည်သူခရိုင်(ပြန်/ဆက်)