ပူတာအို ဧပြီ ၈
ကချင်ပြည်နယ်၊ ပူတာအိုခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ အခြေခံပညာဦးစီးဌာနနှင့် Women Club အဖွဲ့တို့ ပူးပေါင်းမှုဖြင့် နွေရာသီကျောင်းပိတ်ရက်များတွင် ကျောင်းသားလူငယ်များအချိန်ကို အကျိုးရှိစွာအသုံးချတတ်စေရန်၊ လူငယ်များအတွက် အထောက်အပံ့ဖြစ်စေမည့် အတတ်ပညာအသိပညာ တိုးပွားစေရန်နှင့်သင်တန်းမှရရှိသည့် အတတ်ပညာ အသိပညာတို့ဖြင့် လူငယ်များဘဝဖွံ့ဖြိုးတိုးတက် လာစေရန်ရည်ရွယ်၍ ဖိနပ်ချုပ်သင်တန်းနှင့်အခြေခံအင်္ဂလိပ်စာ Grammar သင်တန်း ဖွင့်လှစ်သင်ကြားပေး လျက်ရှိရာ အခြေခံအင်္ဂလိပ်စာ Grammar သင်တန်းဆင်းပွဲအခမ်းအနားကို ယမန်နေ့နံနက်ပိုင်းက ပူတာအို ခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန Community Centre ခန်းမ၌ကျင်းပပြုလုပ်သည်။
သင်တန်းဆင်းပွဲအခမ်းအနားတွင် ခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ခရိုင်ဦးစီးမှူး ဒေါ်ခင်သူဇာက သင်တန်းဆင်းအမှာစကားပြောကြားပြီး သင်တန်းနည်းပြ ဆရာမ ဒေါ်ဝင်းလဲ့လဲ့ထွန်းက အခြေခံအင်္ဂလိပ်စာ Grammar သင် ကြားမှုနှင့်ပတ်သက်၍ရှင်းလင်းပြောကြားသည်။ဆက်လက်၍ ခရိုင် ဦးစီးမှူးနှင့်သင်တန်းနည်းပြတို့က သင်တန်းတွင် ပထမ၊ ဒုတိယ၊တတိယဆုရသင်တန်းသား/သူများအား ဆုများပေးအပ်ချီးမြှင့်ခဲ့ကြပြီး ခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ကခင်းကျင်းပြသထားသည့် နံရံကပ်စာစောင်ပြပွဲ၊ဓါတ်ပုံပြပွဲနှင့်စာအုပ်စာစောင်ပြပွဲတို့ကို သင်တန်းသား/သူများကကြည့်ရှုလေ့လာကြသည်။
“ဒီလိုအခြေခံအင်္ဂလိပ်စာ Grammarသင်တန်းပို့ချပေးခြင်းဖြင့် နောက်နှစ်တက်ရောက်ရမယ့် အတန်းတွေ အတွက် အခြေခံကိုရရှိမှာဖြစ်ပါတယ်။နောက်တစ်ခုက ဒီလိုဖိနပ်ချုပ်သင်တန်းတွေဖွင့်လှစ်ပေးတဲ့အတွက် ကျွန်တော်တို့လူငယ်တွေအတွက် အတတ်ပညာတွေ လက်မှု ပညာတွေကို တိုးတက်ရရှိပါတယ်”ဟု အဆိုပါသင်တန်းတွင်တက်ရောက်နေသူ သင်တန်းသား မောင်စောနွဲ့ပြည့်ဖြိုးအောင်ကပြောသည်။
အဆိုပါသင်တန်းတွင် ပူတာအိုမြို့နယ်အတွင်းရှိ လူငယ်သင်တန်းသား(၂၅)ဦးတို့အား အခြေခံအင်္ဂလိပ်စာ Grammar သင်တန်းကို မတ်လ(၂၀)ရက်မှဧပြီ(၇)ရက်နေ့အထိလည်းကောင်း၊ ဖိနပ်ချုပ်သင်တန်းကို မတ်(၂၀)ရက်မှ(၃၀)ရက်နေ့အထိ လည်းကောင်းဖွင့်လှစ်သင်ကြားပို့ချပေးခဲ့ခြင်းဖြစ်ကြောင်းသိရသည်။
ဖုန်ကန်(ပူတာအို)