မြစ်ကြီးနား ဧပြီ ၈
မြန်မာ့ရိုးရာယဉ်ကျေးမှုအစဉ်အလာနှင့်အညီ မဟာသင်္ကြန်ကာလအတွင်း ဒုလ္လဘရဟန်းခံအလှူမင်္ဂလာပွဲများကို နှစ်စဉ်ကျင်းပပြုလုပ်လေ့ရှိရာ ယမန်နေ့နံနက် ၉ နာရီတွင် ပြည်နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ ဝန်ထမ်းများ၏ စုပေါင်းဒုလ္လဘရဟန်းခံ အလှူမင်္ဂလာကို မြစ်ကြီးနားမြို့ သီတာရပ်ကွက်ရှိ ဆုတောင်းပြည့်ကျောင်းတိုက်၌ ကျင်းပပြုလုပ်သည်။
ရှေးဦးစွာ ဒုလ္လပတ်ရဟန်းခံဝန်ထမ်းများ၏ သိမ်ဆင်းချိန်၌ ပြည်နယ်ဝန်ကြီးချုပ် ဦးခက်ထိန်နန်နှင့် ဇနီးဒေါ်နန်ဆိုင်း၊ ပြည်နယ်တရားလွှတ်တော်တရားသူကြီးချုပ် ဦးတူးဂျာနှင့်ဇနီး၊ ပြည်နယ်အစိုးရအဖွဲ့ဝင်ဝန်ကြီးများနှင့် ၎င်းတို့၏ ဇနီးများ၊ ပြည်နယ်ဥပဒေချုပ်၊ ပြည်နယ်၊ ခရိုင်၊ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ အရာထမ်းများနှင့် အမှုထမ်းများ၊ ဒုလ္လဘရဟန်းခံဝန်ထမ်းများ၏ မိသားစုဝင်များက မြစ်ကြီးနားမြို့ ဓမ္မရက္ခိတဝန်းသိုကျောင်းတိုက်ဆရာတော်၊ ပြည်နယ်သံဃနာယကအကျိုးတော်ဆောင် ဘဒ္ဒန္တကေတုမာလာအမှူးပြုသော ဆရာတော်သံဃာတော်များနှင့် သိမ်ဆင်းရဟန်းသံဃာများအားဝတ္တုငွေများနှင့် လှူဖွယ်ပစ္စည်းများကို စုပေါင်းဆက်ကပ်လှူဒါန်း ခဲ့ကြကြောင်း သိရှိရသည်။
အလားတူ ပြည်နယ်ဝန်ကြီးချုပ်သည် မွန်းလွဲပိုင်းတွင် ပြည်နယ်အစိုးရအဖွဲ့ရုံး မလိခခန်းမ၌ မြန်မာ-တရုတ်နယ်စပ်စီးပွားရေး ပူးပေါင်းဆောင်ရွက်မှုဇုန် တည်ထောင်အကောင်အထည်ဖော်ရေးဆိုင်ရာ ပြည်နယ်အဆင့်ကော်မတီအဖွဲ့ဝင်များ၊ မြန်မာဟိန်ရ ရင်းနှီးမြှုပ်နှံမှုဖွံ့ဖြိုးရေးကုမ္ပဏီလီမိတက် မန်နေဂျင်းဒါရိုက်တာ၊ တာဝန်ရှိသူများနှင့် ကံပိုင်တည်စီးပွားရေးနယ်မြေစီမံကိန်းနှင့်စပ်လျဉ်း၍ MoA လက်မှတ်ရေးထိုးနိုင်ရေး MoA စာချုပ်မူကြမ်းပါအချက်များနှင့်စပ်လျဉ်း၍ ယခင်အစည်းအဝေးများတွင် သဘောတူဆုံးဖြတ်ခဲ့သည့်အချက်များ၊ ပြင်ဆင်ဆောင်ရွက်ရမည့်အချက်များ၊ ထပ်မံဖြည့်စွက်ဆောင်ရွက်ရမည့် အချက်များအပေါ်တည်ဆဲဥပဒေ၊ လုပ်ထုံးလုပ်နည်းများနှင့် ပေါင်းစပ်ညှိနှိုင်းဆွေးနွေးခဲ့ကြကြောင်း သိရှိရသည်။
ပြည်နယ်(ပြန်/ဆက်)