ဟိုပန် ဧပြီ ၈
“ဝ”ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်း၊ ဟိုပန်ခရိုင်၊ ဟိုပန်မြို့ “ဝ”နှစ်ခြင်းခရစ်ယာန်အသင်းတော်(WBC)၏ နှစ်(၅၀)ပြည့် ရွှေရတုကျေးဇူးတော် ချီးမွမ်းခြင်းအခမ်းအနားကို ယမန်နေ့နံနက် ၈ နာရီအချိန်က ဗိမာန်တော်တွင် ကျင်းပပြုလုပ်ခဲ့ပါသည်။
ရှေးဦးစွာ မုခ်ဦးဖွင့်လှစ်ခြင်းအစီအစဉ်ကို သဘာပတိဆရာဆိုင်းပလိတ်က ဦးဆောင်၍ ဆရာအိုက်ဆန်မှ ကျမ်းစာဖတ်ခြင်း၊ ဆရာတော်အိုက်ရုန်းကပ်က ဆုတောင်းပေးခြင်းတို့ကို ဆောင်ရွက်ပြီး ဆရာတော်ညီရိုင်းစေး၊ ဆရာတော်အိုက်ပန်းငြိမ်း၊ ဆရာတော်ဂျိုးဇက်ဝူးနှင့်
ဆရာတော်ပေါလုတို့က မုခ်ဦးကို ဖဲကြိုးဖြတ်၍ ဖွင့်လှစ်ပေးခဲ့ပါသည်။ ထို့နောက် တက်ရောက်လာသည့် “ဝ”တိုင်းရင်းသားများက တံပိုးမှုတ်ခြင်း၊ အိုးစည်ဗုံမောင်းတီးခတ်ခြင်းဖြင့် ဗိမာန်တော်ထဲသို့ အသီးသီးဝင်ရောက်နေရာယူခဲ့ကြသည်။
ဆက်လက်၍ ဝတ်ပြုကိုးကွယ်ခြင်းအစီအစဉ်ပြုလုပ်ရာ သဘာပတိအဖြစ် ဆရာမယေ့နွယ်ခွန်း၊ အဖွင့်ကျမ်းစာဖတ်ဆရာမ ခရစ်စတယ်ဘဲ၊ အဖွင့်ဆုတောင်းဆရာတော်ညီရိုင်းစေး၊ သဝဏ်လွှာဖတ်ကြားခြင်းနှင့် အသင်းတော်ဖြစ်တည်လာပုံသမိုင်းကို ဆရာတော်ဂျိုးဇက်ဝူးကဖတ်ကြားခြင်း၊ ဆုံးပါးသွားသော ဆရာ/ဆရာမတို့၏ မိသားစုများအတွက် ဆုတောင်းပေးခြင်း၊ နှစ်(၅၀)အတွင်း အသင်းတော်တွင် ကဏ္ဍအသီးသီးမှ ထူးချွန်သူများ၊ ဘွဲ့ရရှိသူများကို ဂုဏ်ပြုမှတ်တမ်းပေးအပ်ခြင်းတို့ကို ပြုလုပ်ခဲ့ပါသည်။ ယင်းနောက် ဆရာတော်အိုက်နပ်ယွန်းက တရားဒေသနာဟောကြားပြီး ပွဲတော်မင်္ဂလာအခမ်းအနားအစီအစဉ်ကို ရုပ်သိမ်းခဲ့ကြောင်း သိရသည်။
ခရိုင်(ပြန်/ဆက်)