သီပေါမြို့နယ်တွင် အခြေခံကွန်ပျူတာသင်တန်းနှင့် အခြေခံအင်္ဂလိပ်စာသင်တန်းဆင်းပွဲအခမ်းအနားပြုလုပ်ဆောင်ရွက်

သီပေါ ဧပြီ ၈

ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ကျောက်မဲခရိုင်၊ သီပေါမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန(Community Centre) ခန်းမတွင် ယနေ့နံနက်(၉)နာရီခွဲက အခြေခံကွန်ပျူတာသင်တန်းနှင့် အခြေခံအင်္ဂလိပ်စာသင်တန်း ဆင်းပွဲအခမ်းအနား ပြုလုပ်ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

ရှေးဦးစွာ မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဦးစီးအရာရှိဒေါ်ခင်နီလာစိုးက နွေရာသီကျောင်းပိတ်ရက်အားလပ်ရက်များတွင် ဖွင့်လှစ်သင်ကြားပေးသော အခြေခံကွန်ပျူတာနှင့် အခြေခံအင်္ဂလိပ်စာပညာရပ်များကို မိမိအတွက်အကျိုးရှိအောင် ဆက်လက်ကြိုးစားလေ့လာသွားကြရန်နှင့် သင်တန်းပြီးဆုံးသည်အထိ တက်ရောက်ကြသော သင်တန်းသားအားလုံးကို ကျေးဇူးတင်ရှိပါကြောင်းပြောကြားခဲ့ပြီးနောက် သင်တန်းနည်းပြဆရာက ဦးမျိုးပိုင်သက်က သင်တန်းမှသင်ကြားပေးသော ပညာရပ်များအား သိရှိလိုသည်များရှိပါက အချိန်မရွေးမေးမြန်းနိုင်ပါကြောင်း၊ ဆက်လက်ကြိုးစားလေ့လာသင်ယူကြစေလိုကြောင်း ပြောကြားခဲ့သည်။

ဆက်လက်၍ သင်တန်းဆင်းလက်မှတ်များပေးအပ်ခဲ့ပြီးနောက် သင်တန်းသားတစ်ဦးမှ ကျေးဇူးတင်စကားပြန်လည်ပြောကြားခဲ့ကြောင်း၊ အဆိုပါအခြေခံကွန်ပျူတာနှင့် အခြေခံအင်္ဂလိပ်စာသင်တန်းအား မတ်လ(၁၄)ရက်နေ့မှ ဧပြီလ(၇)ရက်နေ့အထိ (၂၅)ရက်ကြာ အခမဲ့ဖွင့်လှစ်သင်ကြားပေးခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

ခင်လေး(သီပေါ၊ ပြန်ဆက်)