ဥတ္တရသီရိ ဧပြီ ၈
ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်၊ ဥတ္တရခရိုင်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် စာအုပ်စာစောင်ချစ်မြတ်နိုးသူများအသင်း(Book Club)အဖွဲ့ဝင်များနှင့်ပူးပေါင်း၍ စာဖတ်ဝိုင်းဆွေးနွေးပွဲကို ယနေ့နံနက်ပိုင်းက ခရိုင်ပြည်သူ့စာကြည့်တိုက်၌ ကျင်းပခဲ့သည်။
အဆိုပါဆွေးနွေးပွဲတွင် ဥတ္တရခရိုင်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်ဆွေဆွေဝင်းက စာဖတ်ဝိုင်းကျင်းပရခြင်း၏ ရည်ရွယ်ချက်များကို ရှင်းလင်းပြောကြားပြီး စာအုပ်စာစောင်ချစ်မြတ်နိုးသူများအသင်း(Book Club)အဖွဲ့ဝင် စာရေးဆရာစိန်ဝင်းနွယ်(ဘာသာပြန်)က စာရေးဆရာ မောင်ကြည်ရေးသားသည့် “မိတ်ဆွေကောင်းကို တန်ဖိုးထားပါ”ခေါင်စဉ်ဖြင့်လည်းကောင်း၊ စာရေးဆရာ ရဲမွန်ကျော်က စာရေးဆရာနတ်သျှင်ရွှေဂူရေးသားသည့် “လူငယ်နှင့်ရွှေရောင်အနာဂတ်” ခေါင်းစဉ်ဖြင့်လည်းကောင်း၊ စာရေးဆရာနွေဦးကိုကိုက”တာဝန်”ခေါင်းစဉ်ဖြင့်လည်းကောင်း၊ စာရေးဆရာမချယ်ချယ်(YU)က မင်းကျန်စစ်နှင့်သားကျန်စစ်ချစ်ခြင်း(မြစေတီကျောက်စာ)မှ အကြောင်းအရာများကိုလည်းကောင်း အသီးသီးဆွေးနွေးခဲ့ကြပြီး တက်ရောက်လာကြသည့် စာပေဝါသနာရှင်များနှင့် ကျောင်းသား၊ ကျောင်းသူများက သိရှိလိုသည်များကို မေးမြန်းကြရာ တာဝန်ရှိသူများက ပြန်လည်ဖြေကြား ဆွေးနွေးပေးခဲ့ပြီး ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ခင်းကျင်းပြသထားသည့် စာအုပ်စာစောင်များကို လေ့လာကြည့်ရှုခဲ့ကြောင်း သိရသည်။
ဥတ္တရခရိုင်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနအနေဖြင့် ပြည်သူများ အသိပညာဗဟုသုတရရှိစေရေး၊ စာဖတ်ရှိန်မြင့်မားရေးတို့အတွက် အသိပညာပေးဟောပြောပွဲများ၊ စာဖတ်ဝိုင်းဆွေးနွေးပွဲများကို စဉ်ဆက်မပြတ် ခရိုင်ပြည်သူ့စာကြည့်တိုက်၌ စီစဉ်ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
ကျော်စွာဟိန်း(ပြန်/ဆက်)