မိုင်းလုံ ဧပြီ ၈
မိုင်းလုံမြို့တွင် ကိုယ်ဝန်ဆောင်မိခင်နှင့်မွေးကင်းစမှ အသက်(၁)နှစ်ခွဲအရွယ် ကလေးငယ်များအား ပုံမှန်ကာကွယ်ဆေး တိုက်ကျွေးထိုးနှံခြင်းကို ယမန်နေ့နံနက် (၉)နာရီအချိန်ခန့်က ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ကျောက်မဲခရိုင်၊ မိုင်းလုံမြို့၊ တိုက်နယ်ကျန်းမာရေးဌာနတွင် ဆောင်ရွက်ခဲ့သည်။
ထို့သို့ ပုံမှန်ကာကွယ်ဆေးထိုးနှံခြင်းကို တိုက်နယ်ကျန်းမာရေးဌာနမှ သားဖွားဆရာမ ဒေါ်နန်းမြဟန်နှင့် ကျန်းမာရေးဝန်ထမ်းများက မွေးကင်းစမှ အသက်(၁)နှစ်ခွဲအရွယ် ကလေးငယ်များအား အသက်အရွယ်အလိုက် ဘီစီဂျီ၊ ပြင်းထန်အဆုပ်ရောင်၊ ဆုံဆို့ကြက်ညှာ၊ မေးခိုင်၊ အသည်းရောင်အသားဝါဘီကာကွယ်ဆေး၊ ဦးနှောက်အမြှေးရောင် (ငါးမျိုးစပ်ကာကွယ်ဆေး)၊ ဝက်သက်နှင့် ဂျိုက်သိုးရောဂါကာကွယ်ဆေး၊ ဂျပန်ဦးနှောက်ရောင် ရောဂါကာကွယ်ဆေးထိုးနှံခြင်း၊ ပိုလီယိုကာကွယ်ဆေး၊ ပြင်းထန်ဝမ်းပျက်ဝမ်းလျှော(ရိုတာ) ကာကွယ်ဆေးတိုက်ကျွေးပေးပြီး ကလေးငယ်များအား ကိုယ်အလေးချိန်တိုင်းပေးခြင်း၊ ကျန်းမာရေးစစ်ဆေးပေးခြင်းများနှင့်ကိုယ်ဝန်ဆောင်မိခင်များကို ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းများ ဆောင်ရွက်ပေးလျက်ရှိကြောင်းကို မိုင်းလုံမြို့ တိုက်နယ်ကျန်းမာရေးဌာနမှ သိရသည်။
ဇော်ဇော်(ပြန်/ဆက်)