မူဆယ် အောက်တိုဘာ ၂
ရှမ်းပြည်နယ်အတွင်းရှိ ကြက်ခြေနီအသင်းများအတွက် တရုတ်နိုင်ငံ၊ တက်ဟုန်ပြည်နယ်ခွဲ၊ ကြက်ခြေနီအသင်းက ကိုဗစ်-၁၉ရောဂါ ကြိုတင်ကာကွယ်ရေးလုပ်ငန်းများတွင် အသုံးပြုရန်အတွက် ကျန်းမာရေးအထောက်အကူပြု ပစ္စည်းဖြစ်သည့် ပိုးသတ်ဆေးရည်ဘူး စုစုပေါင်း(၁)ထောင်ကို ယနေ့ နံနက်(၉)နာရီအချိန်ခန့်က မူဆယ်မြို့၊ မြန်မာ-တရုတ် နှစ်နိုင်ငံအဝင်/အထွက်ဂိတ်(နန်းတော်ဂိတ်)၌ လာရောက်ပေးအပ်လှူဒါန်းခဲ့သည်။
ကိုဗစ်-၁၉ရောဂါကြိုတင်ကာကွယ်ရေးအတွက် ကျန်းမာရေးအထောက်အကူပြု ပိုးသတ်ဆေးများကို တက်ဟုန်ပြည်နယ်ခွဲ၊ ကြက်ခြေနီအဖွဲ့မှ အထွေထွေအတွင်းရေးမှူး Mr Xiao Huang Ruili ဦးဆောင်သည့်အဖွဲ့မှ လာရောက်ပေးအပ်လှူဒါန်းရာ မူဆယ်ခရိုင်၊ ကြက်ခြေနီကြီးကြပ်ရေးကော်မတီအဖွဲ့နာယက ဦးအယ်လ်စိုးထန်တူးနှင့် မြို့နယ်ကြက်ခြေနီတပ်ဖွဲ့ဝင်များက လက်ခံခဲ့ပြီး ကျန်းမာရေးအထောက်အကူပြု ပစ္စည်းများ လာရောက်ပေးအပ်လှူဒါန်းမှုအပေါ် ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ပြည်နယ်ကြက်ခြေနီ ကြီးကြပ်မှု ကော်မတီမှပေးအပ်သည့် ဂုဏ်ပြုမှတ်တမ်းလွှာကို မူဆယ်ခရိုင်၊ ကြက်ခြေနီကြီးကြပ်ရေးကော်မတီ အဖွဲ့(နာယက)က ပြန်လည်ပေးအပ်ခဲ့သည်။
အဆိုပါကျန်းမာရေး အထောက်အကူပြု ပိုးသတ်ဆေးရည်ဘူး ပေးအပ်လှူဒါန်းရာသို့ မူဆယ်ခရိုင်၊ ကြက်ခြေနီကြီးကြပ်ရေးကော်မတီအဖွဲ့ဝင်များ၊ မူဆယ်မြို့၊ ကြက်ခြေနီအသင်း၊ မူဆယ်မြို့၊ (၁၀၅)မိုင် ကြက်ခြေနီအသင်းနှင့် နမ့်ခမ်းကြက်ခြေနီအသင်းတို့ တက်ရောက်ကြပြီး ရောဂါကြိုတင် ကာကွယ်ရေး လုပ်ငန်းများ ဆောင်ရွက်ရာတွင် အသုံးပြုရန်အတွက် ရှမ်းပြည်နယ်အတွင်းရှိ ကြက်ခြေနီအသင်းများထံသို့ ပိုးသတ်ဆေးရည်ဘူးများကို အသီးသီး ခွဲဝေပို့ဆောင်ပေးသွားမည် ဖြစ်ကြောင်း သိရသည်။
ဆလိုင်းဗန်ရိုးထန် (ပြန်/ဆက်)