တာချီလိတ်မြို့၌ အစိုးရပါဠိပထမပြန်စာမေးပွဲ စာအောင်သံဃာတော်များအား စူဠဘွဲ့နှင်းသဘင်အခမ်းအနားကျင်းပ

တာချီလိတ်  ဧပြီ  ၇

ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ တာချီလိတ်မြို့ အစိုးရပါဠိပထမပြန်စာမေးပွဲ စာအောင်သံဃာတော်များ၊ သီလရှင်များနှင့် လူပုဂ္ဂိုလ်များအား  အောင်လက်မှတ်နှင့်စာအောင်ဆုများ ဆက်ကပ်လှူဒါန်းသည့် စူဠဘွဲ့နှင်းသဘင်အခမ်းအနားကို ဧပြီ ၆ ရက် မွန်းလွဲ ၂ နာရီက မြို့နယ်ဓမ္မာရုံတွင် ကျင်းပပြုလုပ်ခဲ့ကြောင်းသိရသည်။

ရှေးဦးစွာ နမောတဿသုံးကြိမ်ရွတ်ဆို ဘုရားကန်တော့၍ အခမ်းအနားဖွင့်လှစ်ပြီး မဟာဂန္ဓာရုံရွှေစေတီဆရာတော်ဘဒ္ဒန္တမဏ္ဍလထံမှ ဧည့်ပရိတ်သတ်များက ငါးပါးသီလခံယူဆောက်တည်ပြီး နဂါးနှစ်ကောင်ကျောင်းတိုက်မှ ဆရာတော်ဘဒ္ဒန္တသုဓမ္မထံမှ သာရဏီရဩဝါဒကထာနာယူကာ ဆရာတော်အရှင်သူမြတ်များထံမှ မေတ္တသုတ်ပရိတ် တရားတော်မြတ်နာယူသည်။

ထို့နောက် ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ခရိုင်အုပ်ချုပ်ရေးမှူးဦးမြင့်နိုင်က သာသနာရေးဆိုင်ရာများ လျှောက်ထားပြီး ငွေတောင်ဦးကမ္မဌာန်းကျောင်းတိုက်မှ ဆရာတော်ဘဒ္ဒန္တကုဝေရက သာရဏီရတိုက်တွန်း လွှာဂါထာတော်ကို ဖတ်ကြားပူဇော်ကာ ဆရာတော်သံဃာတော် အရှင်သူမြတ်များအား နဝကမ္မနှင့်လှူဖွယ်ဝတ္ထုပစ္စည်းများ ဆက်ကပ်လှူဒါန်းပြီး အစိုးရပါဠိပထမပြန်စာမေးပွဲ ပထမကြီးတန်း စာအောင်သံဃာတော် နှစ်ပါး၊ ပထမလတ်တန်း စာအောင်သံဃာတော်ငါးပါး၊ အခြေပြုမူလတန်းစာအောင်သံဃာ(၁၈)ပါး၊ သီလရှင် နှစ်ပါးနှင့်လူပုဂ္ဂိုလ် နှစ်ဦးတို့အား အောင်လက်မှတ်နှင့် စာအောင်ဆုနဝကမ္မဝတ္ထုများ ဆက်ကပ်လှူဒါန်းသည်။

ယင်းနောက် ဆရာတော်အရှင်သူမြတ်တို့က အစိုးရပါဠိပထမပြန်စာမေးပွဲအလှူရှင်များအား ဂုဏ်ပြုမှတ်တမ်းလွှာများပေးအပ်ပြီး ငွေတောင်ဦးကမ္မဌာန်းကျောင်းတိုက်ဆရာတော်ထံမှ ရေစက်ချအနုမောဒနာတရားနာကြား၍ လှူဒါန်းမှုအစုစုတို့အတွက် ရေစက်သွန်းချအမျှပေးဝေကာ ဗုဒ္ဓသာသနံစိရံတိဌတု သုံးကြိမ်ရွတ်ဆိုဆုတောင်း၍ အခမ်းအနားရုပ်သိမ်းလိုက်ကြောင်းသိရသည်။

သန်းဇော်(တာချီလိတ်)