ဆီဆိုင် ဧပြီ ၈
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ဆီဆိုင်မြို့နယ်တွင် မြန်မာနိုင်ငံကြက်ခြေနီအသင်း၊ ဆီဆိုင်မြို့နယ်ကြက်ခြေနီအသင်း(ခွဲ)မှ ကြီးမှူးဖွင့်လှစ်သည့် အခြေခံရှေးဦးပြုစုခြင်းသင်တန်းကို ယမန်နေ့ နံနက် ၉ နာရီက ဆီဆိုင်မြို့အခြေခံပညာအထက်တန်းကျောင်း၌ သင်ကြားပေးလျက်ရှိသည်။
အဆိုပါသင်တန်းတွင် မြို့နယ်အတွင်းရှိ သင်တန်းသား၊ သင်တန်းသူ(၁၄)ဦးတက်ရောက်ပြီး သင်တန်းနည်းပြ(၆)ဦးတို့က ကြက်ခြေနီအကြောင်း သိကောင်းစရာနှင့် အခြေခံမူ(၇)ချက်၊ လူနာဆန်းစစ်ခြင်း၊ အပူလောင်ခြင်း၊ ဦးစားပေးလူနာရွေးချယ်ခြင်း၊ တုံ့ပြန်ခြင်း၊ ဒဏ်ရာနှင့် သွေးယိုစီးခြင်း၊ စိတ်ပိုင်းဆိုင်ရာရှေးဦးပြုစုခြင်း၊ အရိုးအဆစ်ကြွက်သားဒဏ်ရာ၊ သွေးဆုတ်သွေးလန့်ခြင်း၊ အခြေခံအသက်အထောက်အကူပြု CPR နည်း၊ သတိလစ်ခြင်း၊ အဆိပ်သင့်ခြင်း၊ ငှက်ဖျားရောဂါနှင့် သွေးလွန်တုပ်ကွေးရောဂါ၊ တီဘီရောဂါ၊ HIV နှင့် AIDS ရောဂါ၊ ဆေးထည့်ပတ်တီးစည်းနည်း၊ ဆို့နစ်ခြင်း၊ ဦးခေါင်းနှင့်ကျောရိုးတန်းမကြီးဒဏ်ရာ၊ မူးမေ့ခြင်း၊ သတ္တဝါများတုပ်ခြင်းကိုက်ခြင်း၊ လူနာကိုင်တွယ်ခြင်းနှင့်သယ်ဆောင်ခြင်းစသည့်ဘာသာရပ်များကို ဧပြီလ ၅ ရက်နေ့မှ ၉ ရက်နေ့အထိ သင်တန်းကာလ(၅)ရက်ကြာ စာတွေ့လက်တွေ့ အခမဲ့သင်ကြား ပေးသွားမည်ဖြစ်ကြောင်း သိရသည်။
မျိုးမြတ်(ဆီဆိုင်)