စမ်းချောင်း ဧပြီ ၇
ရန်ကုန်တိုင်းဒေသကြီး၊ အလုံခရိုင်၊ စမ်းချောင်းမြို့နယ်တွင် ၂၀၂၃ ခုနှစ်၊ ဧပြီလ(၁၃)ရက်နေ့တွင် ကျရောက်မည့် မဟာသင်္ကြန်ပွဲတော် စည်ကားသိုက်မြိုက်စွာကျင်းပနိုင်ရေးအတွက် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့၊ မြို့နယ်ဌာနဆိုင်ရာများ၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးများပါဝင်သည့် လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယမန်နေ့မွန်းလွဲပိုင်းအချိန်က မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနခန်းမတွင် ကျင်းပခဲ့ကြောင်း သိရသည်။
အဆိုပါအစည်းအဝေးတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးဘဝင်းက မဟာသင်္ကြန်ရေကစားမဏ္ဍပ်ကို ဆောက်လုပ်နေပြီဖြစ်ပြီး မြို့နယ်အဆင့်ဌာနဆိုင်ရာများ၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးများစုပေါင်း၍ ဆောင်ရွက်သွားကြရန်၊ ဝန်ထမ်းများနှင့် ပြည်သူများပျော်ရွှင်စွာရေကစားနိုင်ရန်အတွက် ရေကစားမဏ္ဍပ်တွင် ရေရရှိရေး၊ လျှပ်စစ်မီးရရှိရေး၊ ဖျော်ဖြေရေး၊ ဧည့်ခံကျွေးမွေးရေး၊ အခမ်းအနားပြင်ဆင်ရေးလုပ်ငန်းများ ဆောင်ရွက်နေမှုအား ရှင်းလင်းပြောကြားခဲ့သည်။ ထို့နောက် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင်(၁) ဗိုလ်မှူးသက်ထွန်းဦးက မဏ္ဍပ်လုံခြုံရေးကိစ္စနှင့် သင်္ကြန်ကာလအတွင်း မိမိတို့ရုံးလုံခြုံရေးစနစ်တကျတာဝန်ချထားရန်နှင့် ဌာနဆိုင်ရာများ ပူးပေါင်းပါဝင်၍ ပျော်ရွှင်စွာရေကစားကြရန် ဆွေးနွေးခဲ့ပါသည်။
ထို့နောက် တက်ရောက်လာသော ဌာနဆိုင်ရာတာဝန်ရှိသူများနှင့် ရပ်ကွက်အုပ်ချုပ်ရေးမှူးများမှကဏ္ဍအလိုက် ပြန်လည်ဆွေးနွေးပြောကြားပြီး မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌက လိုအပ်သည်များကို ညှိနှိုင်းဆွေးနွေး ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
နီလာစိုး