တံတားဦး၊ အောက်တိုဘာ ၂
ကျောက်ဆည်ခရိုင် တံတားဦးမြို့နယ်၌ ၂၀၂၀-ပြည့်နှစ် ပါတီစုံဒီမိုကရေစီ အထွေထွေ ရွေးကောက်ပွဲ အောင်မြင်စွာ ကျင်းပနိုင်ရေးအတွက် မဲဆန္ဒရှင်စာရင်းများ ဒုတိယအကြိမ် ထုတ်ပြန်ကြေညာခြင်းကို ယနေ့ နံနက်ပိုင်းက စတင်၍ သက်ဆိုင်ရာ ရပ်ကွက်၊ ကျေးရွာများတွင် ထုတ်ပြန်ကြေညာထား ကြောင်းသိရသည်။
မဲဆန္ဒရှင်စာရင်းများ ကြေညာရာတွင် အမည်နှင့်မှတ်ပုံတင်များ ထပ်၍မပါရှိရေး၊ မိမိတို့နာမည် ကွဲလွဲမှု မရှိရေး ၊ မဲဆန္ဒရှင်စာရင်းတွင် အသက်(၁၈)နှစ်ပြည့်ပြီးသူတိုင်း ဆန္ဒမဲပေးပိုင်ခွင့် ဆုံးရှုံးမှုမရှိရေး ၊ မိဘနှင့် မွေးသက္ကရာဇ် ကွဲလွဲမှုမရှိရေးတို့အတွက် ဒုတိယအကြိမ် မဲဆန္ဒရှင်စာရင်းများကို ကြေညာထား ကြောင်းသိရသည်။
တံတားဦးမြို့နယ်အနေဖြင့် တိုင်းဒေသကြီးမဲဆန္ဒနယ် အမှတ်(၁)အတွက် မဲရုံပေါင်း(၁၀၂)ရုံ၊ တိုင်းဒေသကြီး မဲဆန္ဒနယ် အမှတ် (၂)အတွက် မဲရုံပေါင်း(၁၀၂)ရုံ ၊ စုစုပေါင်းမဲရုံ(၂၀၄)ရုံရှိပါကြောင်း ကြေညာထားသည့် မဲဆန္ဒစာရင်းများကို မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲ ဝင်များမှ အဖွဲ့(၆)ဖွဲ့ခွဲ၍ ရပ်ကွက်၊ ကျေးရွာများရောက် ကွင်းဆင်းစစ်ဆေးသွားမည်ဖြစ်ကြောင်း မြို့နယ်ရွေးကောက်ပွဲ ကော်မရှင် အဖွဲ့ခွဲ အတွင်းရေးမှူး ဦးထွန်းထွန်းနိုင် ထံမှသိရသည် ။
အဆိုပါ မဲဆန္ဒရှင်စာရင်းများကို အောက်တိုဘာလ(၁)ရက်နေ့မှ (၁၄)ရက်နေ့အထိ သက်ဆိုင်ရာ ရပ်ကွက်၊ ကျေးရွာများတွင် ထုတ်ပြန်ကြေညာထားမည်ဖြစ်ပြီး မဲဆန္ဒရှင်စာရင်းများ လာရောက်ကြည့်ရှုရာတွင် ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနမှ ထုတ်ပြန်ထားသော ကိုဗစ်-၁၉ ရောဂါ ကာကွယ်ရေး လမ်းညွှန်ချက်များနှင့်အညီ အိမ်ထောင်စုတစ်စုလျှင် တစ်ဦး လာရောက်ကြည့်ရှုကြရန် မြို့နယ် ရွေးကောက်ပွဲ ကော်မရှင် အဖွဲ့ခွဲက အသိပေးနိုးဆော်ထားကြောင်း သိရသည် ။
ရဲတင့်(တံတားဦး-ပြန်/ဆက်)