လှည်းကူးမြို့နယ်တွင် ၂၀၂၃ ခုနှစ်၊ မိုးရာသီအကြိုသစ်ပင်စိုက်ပျိုးပွဲကျင်းပပြုလုပ်

လှည်းကူး ဧပြီ ၇

ရန်ကုန်တိုင်းဒေသကြီး၊ လှည်းကူးခရိုင်၊ လှည်းကူးမြို့နယ်တွင် သယံဇာတနှင့်သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန၊ သစ်တောဦးစီးဌာနမှကြီးမှူး၍ သဘာဝပတ်ဝန်းကျင်စိမ်းလန်းစိုပြေစေရန်ရည်ရွယ်၍ ၂၀၂၃ ခုနှစ်၊ မိုးရာသီအကြိုသစ်ပင်စိုက်ပျိုးပွဲကို ယနေ့နံနက်(၈)နာရီအချိန်က သစ်တောပျိုးဉယျာဉ်တွင် ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

အဆိုပါမိုးရာသီအကြိုသစ်ပင်စိုက်ပျိုးပွဲတွင် လှည်းကူးမြို့နယ်၊ ဒုခရိုင်အုပ်ချုပ်ရေးမှူးဦးဇော်မင်းဟန်၊ မြို့နယ်အုပ်ချုပ်ရေးမှူးဦးရဲထွန်းနောင်၊ သစ်တောဦးစီးဌာနမှ မြို့နယ်ဦးစီးမှူးဦးတင်ဝင်းတို့ကြီးကြပ်၍ ဌာနဆိုင်ရာများ၊ ဒေသနေပြည်သူများက ကျွန်းပင်၊ ပိတောက်ပင်၊ မဟော်ဂနီပင်၊ ပျဉ်းမပင်၊ ချင်း၊ဒညင်းပင်၊ ပျဉ်းကတိုးပင် စုစုပေါင်း (၁၄၄)ပင်တို့ကို စိုက်ပျိုးခဲ့ကြောင်း သိရသည်။

လှည်းကူးမြို့နယ်သစ်တောဦးစီးဌာနအနေဖြင့် ၂၀၂၃ ခုနှစ်၊ မိုးရာသီတွင် သဘာဝပတ်ဝန်းကျင်စိမ်းလန်းစိုပြေစေရေးအတွက် လူထုဖြန့်ဝေရန်ပျိုးပင်ပေါင်း(၇၀၀၀၀)ပင်နှင့် အထူးပျိုးထောင်ပင်(၁၂၀၀၀)ပင်တို့ကို ပျိုးထောင်ထားပြီးဖြစ်ကြောင်း တာဝန်ရှိသူတစ်ဦးထံမှ သိရသည်။

အေးအေးနွဲ့(ပြန်/ဆက်)