တနိုင်း ဧပြီ ၇
ကချင်ပြည်နယ်၊ တနိုင်းမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ "သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးအကြောင်း" အသိပညာပေးဟောပြောပွဲကို ယမန်နေ့ မွန်းလွဲ(၁) နာရီက လူထုအခြေပြုဗဟိုဌာနခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။
ဆွေးနွေးပွဲတွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန မြို့နယ်ဦးစီးအရာရှိ ဒေါ်ဝါဦးက ကျောင်းသား၊ ကျောင်းသူများ အသိပညာပြင်ပဗဟုသုတများ တိုးပွားလာစေရန်၊ စာပေဗဟုသုတများစွာ သိုလှောင်ထားသည့် ပညာဘဏ်သိုက် စာကြည့်တိုက် များနှင့် ရင်းနှီးကျွမ်းဝင်စေရန်ရည်ရွယ်၍ ဟောပြောပွဲ ကျင်းပပြုလုပ်ရခြင်းဖြစ်ကြောင်း ရှင်းလင်းပြောကြားခဲ့သည်။
ဆက်လက်၍ ဟူးကောင်းချိုင့်ဝှမ်းတောရိုင်းတိရိစ္ဆာန်ဘေးမဲ့တောမှ ဦးစီးအရာရှိ ဦးမျိုးညွှန့်တို့က သဘာဝပတ်ဝန်းကျင် ပျက်စီး ယိုယွင်းမှုကို ဖြစ်ပွားစေသည့် အဓိကအကြောင်းအရာများသည် မိမိတို့လူသားများဖြစ်ပြီး မိမိတို့သည် သဘာဝပတ်ဝန်းကျင်ကို ပျက်စီးယိုယွင်းစေသည့် အဓိကတရားခံများပင်ဖြစ်ကြောင်း၊ အသက်ရှင်နေထိုင်ရန်အတွက် သဘာဝပတ်ဝန်းကျင်မှ အခြေခံ လိုအပ်ချက်အားလုံးကို မရှိမဖြစ် အသုံးပြုနေရကြောင်း၊ သဘာဝပတ်ဝန်းကျင်ကို မိမိတို့ကိုယ်တိုင် ပျက်ဆီးစေရန် အဓိကနေရာမှာ ပါဝင်လုပ်ဆောင် နေရကြောင်း၊ သဘာဝပတ်ဝန်းကျင်ကို ထိန်းသိမ်းကာကွယ်ရန်အကြောင်းများနှင့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်း ခြင်း အကြောင်းများ ဆွေးနွေးဟောပြောခဲ့ကြောင်း သိရသည်။
ပန်းအိ(တနိုင်း)