ရန်ကုန် အောက်တိုဘာ ၂
ရန်ကုန်အရှေ့ပိုင်းခရိုင်၊ မင်္ဂလာတောင်ညွန့်မြို့နယ်ရှိ အ.ထ.က(၁)၊ အ.ထ.က(၄) နှင့် သိမ်ဖြူ လက်ဝှေ့ရုံတို့တွင် ဆောင်ရွက်ထားသော Community Based Facility Quarantine Centre များတွင် အသွားအလာကန့်သတ် စောင့်ကြည့်ထားသူများအတွက် နေ့စဉ် စားသောက်ရေးနှင့် ကိုဗစ်-၁၉ ရောဂါကာကွယ် ကုသရေးအတွက်လည်း တာဝန်ရှိသူများမှ ကြီးကြပ်ဆောင်ရွက် ပေးလျက် ရှိပြီး စေတနာရှင်များမှလည်း လာရောက်လှူဒါန်းပေးလျက်ရှိပါသည်။
ထိုသို့ စေတနာရှင်များမှလာရောက်လှူဒါန်းရာတွင် ယမန်နေ့နံနက်ပိုင်းမှ စတင်၍ မြို့နယ်အတွင်း ဆောင်ရွက်ထားသော Community Based Facility Quarantine Centre (၃)ခုတွင် အသွားအလာကန့်သတ်ထားသူ (၁၆၀) ဦး အတွက် နံနက်စာအာဟာရအဖြစ် ကြက်ဥနှင့် ထမင်းကြော် (၁၆၀) ဘူးအား တောင်ညွန့်ကြီးရပ်ကွက်မှ ရပ်ကွက် အုပ်ချုပ်ရေးမှူး ဦးတင်ဝင်းနှင့် စေတနာရှင်များကလည်းကောင်း၊ နေ့လည်စာအာဟာရအတွက် အ.မ.က(၁၈)မှ ကျောင်းအုပ်ဆရာမကြီး ဒေါ်ခင်ပပလွင်က ထမင်းနှင့်ကြက်သားဟင်းပွဲ (၁၆၀) အား လည်းကောင်း လှူဒါန်းခဲ့ကြပြီး ကိုဗစ်-၁၉ ရောဂါကုသရေးတွင် အရေးပေါ် အသုံးပြုနိုင်ရန် အတွက် လိုအပ်သော အောက်စီဂျင်အိုး (၂) အိုးအား ဦးတင်ဝင်း (ကန်/မြောက်ရပ်ကွက်)က လာရောက်လှူဒါန်းခဲ့ရာ အဆိုပါလှူဒါန်းမှုများအား Quarantine Centre မှ တာဝန်ရှိသူများက လက်ခံရယူပေးခဲ့ကြပြီး ကျေးဇူးတင်ဝမ်းမြောက်ကြောင်းပြန်လည် ပြောကြားခဲ့ကြသည်။
ချစ်စုဝေ (ပြန်/ဆက်)