ဥတ္တရသီရီ အောက်တိုဘာ ၂
ပြည်ထောင်စုနယ်မြေ၊ နေပြည်တော် ဥတ္တရသီရိမြို့နယ်၊ ဥတ္တရသီရိရပ်ကွက် အုပ်ချုပ်ရေးမှူး ရုံး၌ ဒုတိယအကြိမ် မဲဆန္ဒရှင်စာရင်းကပ်ထားကြေညာထားရှိမှုအား ယနေ့နံနက် ၉နာရီခွဲက နေပြည်တော်ကောင်စီဝင် ဦးညီထွန်း၊ ပြည်ထောင်စုနယ်မြေရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲ ဥက္ကဋ္ဌ ဦးသိန်းထွေး နှင့် တာဝန်ရှိသူများက ကြည့်ရှုစစ်ဆေးခဲ့သည်။
ထိုသို့ ကြည့်ရှုစစ်ဆေးရာတွင် နေပြည်တော်ကောင်စီဝင် ဦးညီထွန်းက မဲစာရင်း ကပ်ထားကြေညာ ထားရှိမှုကို ပြည်သူများအား အသိပေးကြေညာသွားရန်၊ မဲဆန္ဒရှင်များ မဲပေးရာတွင် အခက်အခဲမရှိစေရေး ဆောင်ရွက်သွားကြရန် စသည်တို့ကို မှာကြားခဲ့သည်။
၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲ၌ ဆန္ဒမဲပေးပိုင်ခွင့်ရှိသူ မဲဆန္ဒရှင်စာရင်းများ ဒုတိယအကြိမ် ကပ်ထားကြေညာခြင်းကို အောက်တိုဘာ ၁ ရက်နေ့မှ၁၄ ရက်နေ့အထိ ကပ်ထားကြေညာပေးသွားမည်ဖြစ်ပြီး ဥတ္တရသီရိမြို့နယ်အနေဖြင့် ရပ်ကွက် (၂)ရပ်ကွက်၊ ကျေးရွာအုပ်စု (၈)အုပ်စုတို့တွင် ဆန္ဒမဲပေးပိုင်ခွင့်ရှိသူ (၅၂၄၉၄)ဦးရှိပြီး လျာထားမဲရုံပေါင်း (၄၉)ရုံရှိကြောင်း မြို့နယ် ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲ ဥက္ကဋ္ဌ ဦးသိန်းနိုင် ထံမှ သိရသည်။
အောင်ကို(ပြန်/ဆက်)