နေပြည်တော်အသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာန၌ အခြေခံစက်ချုပ်သင်တန်းဆင်းပွဲကျင်းပ

နေပြည်တော် ဧပြီ ၇

နေပြည်တော်အသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာနမှ ကြီးမှူးဖွင့်လှစ်ခဲ့သည့် အခြေခံစက်ချုပ်နည်း ပညာသင်တန်းဆင်းပွဲ အခမ်းအနားကို ယမန်နေ့နံနက် ၁၀နာရီတွင် အဆိုပါဦးစီးဌာနရှိ သင်တန်းခန်းမ၌ ကျင်းပသည်။

အခမ်းအနားသို့ သမဝါယမနှင့်ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးမြင့်စိုး၊ နေပြည်တော်ကောင်စီအဖွဲ့ဝင် ဦးဇေယျာလင်း၊ ဒုတိယညွှန်ကြားရေးမှူးချုပ်များ၊ ဌာနဆိုင်ရာ တာဝန်ရှိသူများ၊  သင်တန်း နည်းပြများနှင့် သင်တန်းသူများ တက်ရောက်သည်။

ရှေ့ဦးစွာ ဒုတိယဝန်ကြီး ဦးမြင့်စိုးက သင်တန်းဆင်း အမှာစကားပြောကြားရာတွင် စက်ချုပ် ပညာရပ်သည် အမှန်တကယ်ပြန်လည် လုပ်ကိုင်စားသောက်၍ရသည့် ပညာရပ်ဖြစ်ကြောင်း၊ မည်သည့်ပညာရပ်မဆို ပြန်လည်ဆန်းသစ်တီထွင်ခြင်း (Inovation & Creation) သည် မဖြစ်မနေလိုအပ်ပြီး မိမိစိတ်ကူးစိတ်သန်းနှင့် ဆောင်ရွက်ရသည့်အရာဖြစ်ကြောင်း၊ ယခုသင်တန်းတွင် စက်ချုပ်အခြေခံကိုသာ သင်ကြား ပေးလိုက်သော်လည်း မိမိတို့၏ စိတ်ကူး စိတ်သန်းနှင့် အမြဲတီထွင်ဖန်းတီးနေမှသာ ဆန်းသစ်သည့် ဒီဇိုင်း၊ အများနှင့်မတူသော ချုပ်ထည်လက်ရာများကို ရရှိမည်ဖြစ်ကြောင်း၊ စက်ချုပ်ဒီဇိုင်နာဆိုသည်မှာ ဆန်းသစ်တီထွင်ဖန်တီးမှု အားကောင်းသည့် သူများဖြစ်သည်ကို အားလုံးသိကြမည်ဖြစ်ကြောင်း၊ သင်တန်းသူများအနေဖြင့်လည်း သင်ကြားပေး လိုက်သည့်နေရာတွင် ရပ်တန့်မနေဘဲ ဆက်လက်လေ့လာ သင်ယူကြရန်လိုအပ်ကြောင်း၊  ယခုသင်တန်းမှ ပညာရပ်ကို ပြန်လည်အသုံးချပြီး အလုပ်ပြန်လည် လုပ်ကိုင်မည့်သူများထဲက ထူးချွန်သူသုံးဦးကိုရွေးချယ်၍ အပ်ချုပ်စက်တစ်လုံးစီ ထောက်ပံ့ပေးသွားမှာဖြစ်ကြောင်း၊ ဒါ့အပြင် လုပ်ငန်းထူထောင်လိုသူ သင်တန်းသူ ခုနစ်ဦးမှ အပ်ချုပ်စက်ခြောက်လုံးနှင့် ဒါးစက်နှစ်လုံးကို အရစ်ကျစနစ်ဖြင့်ဝယ်ယူလိုကြောင်း တင်ပြမှုကို ဌာနမှကူညီဆောင်ရွက်ပေးသွားမှာ ဖြစ်ကြောင်း၊ သင်တန်းသားများအားလုံး သင်တန်းကပို့ချပေးသည့် နည်းပညာများကိုအသုံးပြုပြီး တစ်ပိုင်တစ်နိုင် လုပ်ငန်းငယ်များ ပြန်လည်ထူထောင်ကာ မိမိအကျိုးစီးပွား၊ မိမိရပ်ရွာအကျိုးစီးပွားဖွံ့ဖြိုးတိုးတက်ရေးကို ဆောင်ရွက်ကြစေလိုကြောင်း တိုက်တွန်း ပြောကြားသည်။

ဆက်လက်၍ နေပြည်တော်ကောင်စီအဖွဲ့ဝင် ဦးဇေယျာလင်းက ယခုအခြေခံ စက်ချုပ်သင်တန်းကို တက်ရောက်လာကြတဲ့ သင်တန်းသားများသည် ဒက္ခိဏသီရိမြို့နယ် တစ်ခုလုံးကို ကိုယ်စားပြုပြီး ကျေးရွာငါးရွာ၊ ရပ်ကွက်သုံးခုမှ တက်ရောက်လာကြတဲ့ သင်တန်းသားများဖြစ်ကြောင်း၊ သင်တန်းသားများ၏ လက်ရာများသည် လုပ်ငန်းပြန်လည် လုပ်ကိုင်နိုင်သည်အထိ ကောင်းမွန် သည်ကိုတွေ့ရှိရကြောင်း၊ သင်တန်းဆင်းများအား အထည်ချုပ်လုပ်ငန်းများနှင့် ချိတ်ဆက်ဆောင်ရွက် ပေးသွားမည် ဖြစ်ကြောင်း၊ တစ်ပိုင်တစ်နိုင် စွန့်ဦးတီထွင်လုပ်ငန်းရှင်များ ပေါ်ထွက်လာပြီး အသေးစား လုပ်ငန်းငယ်များမှ အလတ်စား၊ အကြီးစားလုပ်ငန်းများအထိ တက်လှမ်းနိုင်ပြီး တိုင်းပြည်ဝင်ငွေ တိုးပွားရေးတွင် အထောက်အကူပြု နိုင်မှာဖြစ်ကြောင်း ပြောကြားသည်။

ဆက်လက်၍ ဒုတိယဝန်ကြီး ဦးမြင့်စိုးက ထူးချွန်သင်တန်းသူ သုံးဦးကို အပ်ချုပ်စက်များ ပေးအပ်ချီးမြှင့်ပြီး နေပြည်တော်ကောင်စီအဖွဲ့ဝင် ဦးဇေယျာလင်းက သင်တန်းဆင်းလက်မှတ်များ ပေးအပ်သည်။

ထို့နောက် သင်တန်းနည်းပြများအတွက် အမှတ်တရလက်ဆောင်များ ပေးအပ်ခဲ့ပြီး သင်တန်းသူများ ကိုယ်စား သင်တန်းသူ တစ်ဦးက ကျေးဇူးတင်စကား ပြန်လည်ပြောကြားခဲ့သည်။

အသက်မွေး ဝမ်းကျောင်းဆိုင်ရာနည်းပညာများပြန့်ပွားလာစေရန်၊ ကျေးလက်ဒေသရှိ အမျိုးသမီးများ စက်ချုပ် နည်းပညာရပ်များကို တတ်ကျွမ်းပြီး တစ်ပိုင်တစ်နိုင်လုပ်ငန်းငယ်လေးများ ထူထောင်၍ မိသားစုဝင်ငွေ တိုးပွားလာစေရန်နှင့် အလုပ်အကိုင်အခွင့်အလမ်းများရရှိစေရန် ရည်ရွယ်၍ ဖွင့်လှစ်သည့် စက်ချုပ်သင်တန်းတွင် ရင်စေ့၊ ရင်ဖုံးအင်္ကျီ အမျိုးမျိုးချုပ်နည်း၊ လေးလွှာစကပ်၊ သုံးလွှာစကပ်နှင့် ချိတ်စကပ်ချုပ်နည်း စသည့်ဘာသာရပ်များကို သင်တန်းနည်းပြ နှစ်ဦးက သင်တန်းသူ ၂၀ ဦးအား မတ်လ ၆ ရက်နေ့မှ ဧပြီလ ၆ ရက်နေ့ အထိ တစ်လကြာ စာတွေ့လက်တွေ့ သင်ကြားပေးခဲ့ကြောင်း သိရသည်။

အောင်ကို(ပြန်/ဆက်)