မြစ်သား ဧပြီ ၇
မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်၊ မြစ်သားမြို့နယ်တွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် မြို့နယ်အမျိုးသမီးရေးရာအဖွဲ့တို့ ပူးပေါင်း၍ ကလေးအလုပ်သမားပပျောက်ရေး အသိပညာပေး ဆွေးနွေးပွဲ (Talk Show)ကို ယနေ့နံနက်(၁၀)နာရီခွဲက လူထုအခြပြုဗဟိုဌာန (Community Centre) ခန်းမ၌ ကျင်းပခဲ့ကြောင်း သိရသည်။
အဆိုပါ ဆွေးနွေးပွဲတွင် မြစ်သားမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဦးစီးအရာရှိ ဒေါ်သီတာအောင်က ဆွေးနွေးပွဲကျင်းပရခြင်း၏ ရည်ရွယ်ချက်များ ရှင်းလင်းပြောကြားပြီး မြစ်သားမြို့နယ်အမျိုး သမီးရေးရာအဖွဲ့မှ ဒေါ်ထွန်းထွန်းမော်(တရားလွှတ်တော်ရှေ့နေ)နှင့် ဒေါ်အိရွှေလင်းတို့က ကလေးအလုပ်သမား နှင့်ပတ်သက်သည့် အဓိပ္ပာယ်ဖွင့်ဆိုချက်၊ ကလေးအလုပ်သမား ပပျောက်ရေးအတွက် အရေးကြီးပုံအကြောင်း၊ ကလေးအလုပ်သမားတွေ လျော့နည်းပပျောက်အောင် ကလေးများကို အကာအကွယ်ပေးရမည့် အကြောင်းအရာများ၊ ကလေးများကို ကြမ်းတမ်းသောအလုပ်၊ အန္တရာယ်ရှိသောအလုပ်နှင့် ခေါင်းပုံဖြတ်ခံရသည့် လုပ်ငန်းမျိုးမှ အကာအကွယ်ပေးရန်နှင့် ကလေးများ၏ ကျန်းမာရေးနှင့်ပညာရေးတို့ကို ထိခိုက်စေမည့် အလုပ်မျိုးမလုပ်ရစေရန် တားဆီးကာကွယ်ပေးရမည်ဖြစ်ကြောင်း စသည့်အကြောင်းအရာများကို အကျယ်တဝင့် ရှင်းလင်းဆွေးနွေးပြောကြားခဲ့ကြောင်း သိရသည်။
မြစ်သားမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနအနေဖြင့် ပြည်သူများ အသိပညာ ဗဟုသုတရရှိစေရန်အတွက် Online မှတစ်ဆင့် ကလေးအလုပ်သမားပပျောက်ရေးနှင့် ပတ်သက်သည့် အသိပညာပေး ဆွေးနွေးပွဲများကို စဥ်ဆက်မပြတ် ကျင်းပဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။
ရဲနိုင်ဦး(မြစ်သား)