လဲချား ဧပြီ ၆
ရှမ်းပြည်နယ်တောင်ပိုင်း၊ လွိုင်လင်ခရိုင်၊ လဲချားမြို့နယ်တွင် အားကစားနှင့်ကာယပညာဦးစီးဌာနမှ ဖွင့်လှစ်ခဲ့သော နွေရာသီအခြေခံအားကစားသင်တန်းဆင်းပွဲကို ယမန်နေ့နံနက် (၉)နာရီ အချိန်က သီရိဟံသာခန်းမတွင် ကျင်းပခဲ့ပါသည်။
အဆိုပါ နွေရာသီအခြေခံအားကစားသင်တန်းဆင်းပွဲတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးဖြိုးမြင့်ဝေမှ အဖွင့်အမှာစကားပြောကြားခြင်း၊ မြို့နယ်အားကစားမှူးဦးထိန်လင်းမှ သင်တန်းဖွင့်လှစ်ရခြင်းကို ရှင်းလင်းပြောကြားခဲ့ပြီး သင်တန်းတက်ရောက်သူ အားကစား သမားများမှ အားကစားနည်းအလိုက် သရုပ်ပြကစားခဲ့ကြသည်။ ယင်းနောက် ဘောလုံး၊ ပိုက်ကျော်ခြင်း၊ စားပွဲတင်တင်းနစ်၊ ကြက်တောင်နှင့်တိုက်ကွမ်ဒို အားကစားသမားများနှင့် သင်တန်းနည်းပြများအား သင်တန်းဆင်းဂုဏ်ပြုမှတ်တမ်းလွှာများပေးအပ်ခဲ့ပြီး ထူးချွန် အားကစားသမားများအား တာဝန်ရှိသူများကဆုများအသီးသီး ပေးအပ်ချီးမြှင့်ခဲ့သည်။
ထိုသင်တန်းဆင်းပွဲအခမ်းအနားသို့ ဌာနဆိုင်ရာအကြီးအကဲများ၊ ဝါသနာရှင်များ၊ သင်တန်းသား/သူအားကစားသမား(၃၂၃)ဦးတို့ တက်ရောက်ခဲ့ကြကြောင်း သိရသည်။
လဲချား(မြို့နယ်ပြန်/ဆက်)