မြစ်သား ဧပြီ ၇
မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်၊ မြစ်သားမြို့နယ်တွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် မြို့နယ်အမျိုးသမီးရေးရာအဖွဲ့တို့ ပူးပေါင်း၍ မြန်မာ့ရိုးရာ နှစ်သစ်ကူးသင်္ကြန်ပွဲတော်အကြောင်း ဆွေးနွေးပွဲ(Talk Show) ကို ယမန်နေ့မွန်းလွဲ (၃)နာရီက ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမတွင် ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
ရှေးဦးစွာ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ဦးစီးအရာရှိ ဒေါ်သီတာအောင်က ဆွေးနွေးပွဲ ပြုလုပ်ရခြင်း ရည်ရွယ်ချက်များ ပြောကြားပြီး တန်ခူးလသည် မြန်မာပြက္ခဒိန်၏ ပထမဆုံးလဖြစ်ပြီး ယခင်က တာကူးလဟုလည်းခေါ်ဝေါ်ခဲ့ကြကြောင်း နှစ်ကူးသောလ၊ နှစ်ဦးလဖြစ်ကြောင်း၊ သင်္ကြန်ပွဲတော်ဆိုတာ နှစ်သစ်ကိုကြိုဆိုသည့် အနေဖြင့် ကျင်းပသည့် ပွဲတော်ဖြစ်ပြီး ကူးပြောင်းခြင်း၊ ပြောင်းရွှေ့ခြင်းဟု သိရှိရကြောင်း (၁၂)လရာသီခွင်တို့သည် အစဥ်လိုက် ကူးပြောင်းလှည့်ပြီးနောက် ရာသီခွင်တပတ် လည်ဝင်ရောက်စ အချိန်ကို ရာသီတစ်ခုမှ တစ်ခုသို့ ကူးပြောင်းခြင်းစသည့် အနက်အဓိပ္ပာယ်များစွာရှိကြောင်း ဆွေးနွေးသည်။ ဆက်လက်၍ မြို့နယ်အမျိုးသမီးရေးရာအဖွဲ့မှ ဒေါ်ထွန်းထွန်းမော်နှင့် ဒေါ်ခိုင်သန္တာလွင်တို့က သင်္ကြန်အကြိုနေ့နှင့် သင်္ကြန်အကျနေ့ အဓိပ္ပာယ်အယူအဆများ၊ သင်္ကြန်ကာလအတွင်း ရှောင်ကြဥ်ဖွယ်ရာများနှင့် သက်ကြီးဘိုးဘွားများအား ဦးခေါင်းဆေးကုသိုလ်ပြု လှူဒါန်းပူဇော်ပြုလုပ်မှုများအကြောင်း၊ တန်ခူးလတွင် ကျရောက်လေ့ရှိသော မြန်မာ့ရိုးရာအတာ သင်္ကြန်ရေသဘင်ပွဲတော်သည် လူတန်းစားမရွေး၊ အလွှာမရွေး၊အသက်ကြီးငယ်မရွေး ပါဝင်ဆင်နွှဲနိုင်သော ပျော်ရွှင်ကြည်နူးစရာ၊ ဝမ်းမြောက်ဂုဏ်ယူစရာတို့ဖြင့် ပြည့်လျှမ်းနေသော ပွဲတော်ဖြစ်ကြောင်း အကျယ်တဝင့်ဆွေးနွေး ခဲ့ကြောင်း သိရသည်။
ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန မြစ်သားမြို့နယ်ရုံးအနေဖြင့် ပြည်သူများ အသိပညာ ဗဟုသုတ ရရှိစေရန်အတွက် Onile မှတစ်ဆင့် အသိပညာပေး အစီအစဥ်များကို ဌာနဆိုင်ရာများနှင့် လစဥ် စဉ်ဆက်မပြက် ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။
သီတာအောင်(မြစ်သား)