ပြောင်းဖူးတစ်နှစ်ပတ်လုံးစိုက်ပျိုးခြင်းဖြင့် စီးပွားရေးတွက်ခြေကိုက်နေသော လက်ပံခြေပေါ်ကျေးရွာများ ပြောင်းဖူးသာ စိုက်ပျိုးမှုများလာ

ညောင်ဦး  ဧပြီ  ၇

မန္တလေးတိုင်းဒေသကြီး ညောင်ဦးမြို့နယ် လက်ပံခြေပေါ်အုပ်စု လက်ပံခြေပေါ်ကျေးရွာများသည် ညောင်ဦး-မြင်းခြံ-ပခုက္ကူ ကားလမ်းမကြီးဘေးတွင်တည်ရှိကာ လယ်ယာ၊ကိုင်း၊ကျွန်း၊ဥယျာဉ်ခြံမြေလုပ်ငန်းဖြင့် စီးပွားရေးလုပ်ကိုင်စားသောက်နေသောကျေးရွာတစ်ရွာဖြစ်ကာ တောင်သူအများစုသည် တစ်နှစ်ပတ်လုံး ပြောင်းဖူးစိုက်ပျိုးရောင်းချခြင်းဖြင့် စီးပွားရေးတွက်ခြေကိုက်နေကြကြောင်း ပြောင်းဖူးစိုက်တောင်သူများထံက သိရသည်။

အဆိုပါ  လက်ပံခြေပေါ်အုပ်စုအတွင်းရှိ ကျေးရွာများသည် တစ်နှစ်ပတ်လုံးပြောင်းဖူးများသာ စိုက်ပျိုးကြပြီးတစ်နှစ်လျှင် လေးကြိမ်အထိစိုက်ပျိုးကြောင်းသိရကာ သကြားပြောင်းဖူး၊ အစီးပြောင်းဖူးများ သာစိုက်ပျိုးကြကာ အချို့တောင်သူများက မြစ်ရေတင်ရေဖြင့်စိုက်ပျိုးကြပြီးအချို့တောင်သူများက မြေအောက်ရေတူးဖော်ကာစိုက်ပျိုးကြသည်။

ထွက်ရှိလာသည့်ပြောင်းဖူးများအား ကားလမ်းမကြီးဘေးတွင်ပုံထားကာ ဘုရားဖူးကားများ၊ မြင်းခြံ၊ ပခုက္ကူ၊ ငါ့သရောက်ညောင်ဦး၊ ပုဂံမြို့များမှ ပြောင်းဖူးပွဲစားများက လာရောက်ဝယ်ယူကြကြောင်းနှင့် ပလင်းကမ်းသာယာဆင်းစခန်းမှလည်းဆင်စာအတွက် ပြောင်းဖူးအများအပြား လာရောက် ဝယ်ယူ ကြကြောင်းသိရကာ ရန်ကုန်မြို့၊ မန္တလေးမြို့ကြီးများရှိပြောင်းဖူးပွဲစားများသို့လည်း ကားဖြင့် တင်ပို့ရောင်းချရကြောင်းတစ်ခါပို့လျှင် ပြောင်းဖူးအဖူးရေနှစ်သောင်းမှသုံးသောင်းအထိ တင်ပို့နေရကြောင်း ရန်ကုန်၊ မန္တလေးသို့တင်ပို့သော ပြောင်းဖူးများအား ဆယ်ဖူးဈေး (၂၀၀)ကျပ် ဖောက်သည်ဈေးပေးကာ အခင်းသို့လာဝယ်လျှင် ဆယ်ဖူးဈေး(၁၈၀)ကျပ်ဖြင့်ရောင်းချကြောင်း  တစ်နှစ်ပတ်လုံးပြောင်းဖူး စိုက်ပျိုးရောင်းချနေသည့် တောင်သူဦးမင်းညိုကပြောပြသည်။မိုးရာသီပြောင်းဖူးစိုက်လျှင်ရက်(၉၀)ဖြင့် ပြောင်းဖူးရရှိကာ နွေရာသီစိုက်ပျိုးချိန်တွင် (၇၅)ရက်ဖြင့်ပြောင်းဖူးပေါ်ကြောင်းသိရပြီး တနှစ်လျှင်ပြောင်းဖူး လေးကြိမ်ထိစိုက်ပျိုးနိုင်ကာ တစ်နှစ်ပတ်လုံးပြောင်းဖူးစိုက်ပျိုးရောင်းချခြင်းဖြင့် စီးပွားရေးတွက်ခြေကိုက်နေကြောင်း ပြောင်းဖူးစိုက်ပျိုးရောင်းချသည့် တောင်သူများကပြောပြသည်။

ဒီပါလင်း