ဇေယျာသီရိမြို့နယ်၊ ခေတ်အေးကျေးရွာအုပ်စုရှိ ရန်ကုန်-မန္တလေးလမ်းဟောင်း လမ်းဘေးဝဲယာရှိ ကုက္ကိုပင်ကိုင်းခြောက်များ ခုတ်ထွင်ရှင်းလင်း

ဇေယျာသီရိ ဧပြီ ၇

ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်၊ ဇေယျာသီရိမြို့နယ်၊ ခေတ်အေးကျေးရွာအုပ်စုရှိ ရန်ကုန်-မန္တလေးလမ်းဟောင်းပေါ်၌ ခရီးသွားပြည်သူများ အန္တရာယ်ကင်းရှင်းစွာသွားလာနိုင်ရေးအတွက် လမ်းဘေးဝဲယာရှိ ကုက္ကိုပင်ကိုင်းခြောက်များ ခုတ်ထွင်ရှင်းလင်းခြင်းကို ယမန်နေ့နံနက်ပိုင်းက မြို့နယ်စည်ပင်သာယာအုပ်ချုပ်ရေးမှူးရုံးမှ တာဝန်ရှိသူများနှင့် ခေတ်အေးကျေးရွာအုပ်စု အုပ်ချုပ်ရေးအဖွဲ့များက ဆောင်ရွက်ခဲ့သည်။

“ ကျွန်တော်တို့ ဒီနေ့ဟာ ခေတ်အေးကျေးရွာအုပ်စု ရန်ကုန်-မန္တလေး လမ်းဟောင်းလမ်းဘေးဝဲယာမှာရှိတဲ့ ကုက္ကိုပင်ကိုင်းခြောက်များ ခုတ်ထွင်ရှင်းလင်းတာဖြစ်ပါတယ်၊ ခုတ်ရတဲ့အဓိကအကြောင်း အရင်းကတော့ ပွင့်လင်းရာသီရောက်တာရယ် မိုးဦးကာလည်း မကြာခင်ရောက်တော့မှာဆိုတော့ မိုးဦးကျရင်လေတွေတိုက်တယ် ကိုင်းခြောက်တွေကျိုးကျပြီး ခရီးသွားပြည်သူတွေမထိခိုက်အောင် ကြိုတင် လုပ်ဆောင်ခြင်းဖြစ်ပါတယ်၊ ပြီးတော့ကိုင်းခြောက်တွေကျိုးရင် မီးကြိုးတွေပေါ်ကျပြီး လျှပ်စစ်မီးပြတ်တောက်တာတွေဖြစ်နိုင်ပါတယ်၊ ဒါတွေမဖြစ်ရအောင်ကြိုတင်ရှင်းလင်းတာဖြစ်ပါတယ်” ဟု ခေတ်အေး ကျေးရွာအုပ်စုအုပ်ချုပ်ရေးမှူး၏ ပြောပြချက်အရ သိရသည်။ 

ထွန်းလင်း(ဇေယျာမြေ)