ဇေယျာသီရိမြို့နယ်ရှိ ပေါင်းလောင်းမြစ်အတွင်း အန္တရာယ်သတိပေးဆိုင်းဘုတ်များ စိုက်ထူ

ဇေယျာသီရိ ဧပြီ ၇

ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်၊ ဇေယျာသီရိမြို့နယ်၊ ကျည်တောင်ကျေးရွာအုပ်စု၊ ကျည်တောင်ကျေးရွာရှိ ပေါင်းလောင်းမြစ်အတွင်း ယမန်နေ့နံနက်ပိုင်းက ကျည်တောင်ကျေးရွာ နယ်မြေမီးသတ်စခန်းမှ တာဝန်ရှိသူများနှင့် ကျေးရွာအုပ်ချုပ်ရေးမှူးအဖွဲ့က အန္တရာယ်သတိပေးဆိုင်းဘုတ်များ စိုက်ထူခဲ့ကြောင်း သိရသည်။

“ကျွန်တော်တို့ဒီကနေ့ ပေါင်းလောင်းမြစ်အတွင်း ရေနက်တဲ့နေရာတွေမှာ သတိအန္တရာယ်ရှိသည် ဆိုတဲ့ဆိုင်းဘုတ်တွေ လိုက်လံစိုက်ထူတာဖြစ်ပါတယ်၊ စိုက်ထူရတဲ့အကြောင်းကတော့ သင်္ကြန်ကာလတွေမှာ ဒီမြစ်ကမ်းတစ်လျှောက်ရေကစားရင်း အပန်းဖြေလာရောက်လည်ပတ်သူတွေဟာ ထောင်သောင်းမကရှိပါတယ်၊ ဒေသခံတွေအတွက်တော့ မြစ်ရေရဲ့အတိမ်အနက်ကိုသိနေပေမဲ့ အခြားနယ်တွေက လာရောက်အပန်းဖြေလည်ပတ်တဲ့သူတွေဟာ မသိနိုင်ဘူးလေ ဒါကြောင့်ရေနက်တဲ့ နေရာတွေမှာ ကြိုတင်လိုက်လံစိုက်ထူတာဖြစ်ပါတယ်”ဟု ကျည်တောင်ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူး ဦးကြည်ထွန်း၏ ပြောပြချက်အရ သိရသည်။

ဇေယျာသီရိမြို့နယ်၊ ကျည်တောင်ကျေးရွာရှိ ပေါင်းလောင်းမြစ်သည် ဒေသခံတောင်သူများ၏ ဆန်ရေစပါးနဲ့ ကောက်ပဲသီးနှံများအတွက် စိုက်ပျိုးရေလုံလောက်စွာပေးဝေနေတဲ့ မြစ်ဖြစ်သည့်အပြင် ပေါင်းလောင်းမြစ်ရေရဲ့ ကြည်လင်မှု၊ အေးမြမှုတို့ကြောင့် သင်္ကြန်ကာလအတွင်း အပန်းဖြေရေကစားသူများနဲ့ နှစ်စဉ်စည်ကားလျက်ရှိကြောင်း သိရသည်။

ထွန်းလင်း(ဇေယျာမြေ)