မိတ္ထီလာမြို့၌ နွေရာသီအခြေခံအားကစားသင်တန်းများ သင်တန်းဆင်းပွဲအခမ်းအနားကျင်းပ

မိတ္ထီလာ ဧပြီ ၇

မိတ္ထီလာမြို့၌  ၂ဝ၂၃ ခုနှစ် နွေရာသီအခြေခံအားကစားသင်တန်းများ သင်တန်းဆင်းပွဲအခမ်းအနားကို ယမန်နေ့ညနေ ၄ နာရီအချိန်က ခရိုင်အားကစားနှင့်ကာယပညာဦးစီးဌာနရှိ မိုးလုံလေလုံ အားကစားခန်းမတွင် ကျင်းပကြောင်းသိရသည်။

အဆိုပါ နွေရာသီအခြေခံအားကစားသင်တန်းများ သင်တန်းဆင်းပွဲအခမ်းအနားတွင် ရှေးဦးစွာ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးဇော်ဇော်ဦးက သင်တန်းဆင်းအမှာစကား ပြောကြားသည်။ ထို့နောက် အားကစားသင်တန်းများတွင် သင်တန်းနည်းပြများအား ဂုဏ်ပြုမှတ်တမ်းလွှာများနှင့် ကြက်တောင်အားကစားသင်တန်းမှ သင်တန်းသားသင်တန်းသူ များအား သင်တန်းဆင်းလက်မှတ်များကို ခရိုင်စီမံ အုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးဇော်ဇော်ဦးက ပေးအပ်ချီးမြှင့်သည်။ ဆက်လက်၍ မြန်မာ့သိုင်း၊ ရိုးရာခြင်း၊ ဘောလုံး၊ ဘော်လီဘော၊ ကရာတေး၊ Fitness Dance သင်တန်းများမှ သင်တန်းသူသင်တန်းသားများအား သင်တန်းဆင်းလက်မှတ်များကို ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင် ဒုတိယခရိုင်အုပ်ချုပ်ရေးမှူး ဦးလွှမ်းမိုးဟန်၊ ခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လက်ထောက်ညွှန်ကြားရေးမှူး ဦးမျိုးမင်းဇော်၊ ခရိုင်အားကစားနှင့်ကာယပညာဦးစီးဌာန  လက်ထောက်ညွှန် ကြားရေးမှူး ဦးကျော်စိုးနိုင်နှင့် တာဝန်ရှိသူများက ပေးအပ်ချီးမြှင့်သည်။ ၎င်းနောက် အခြေခံအားကစားနည်း သင်တန်းများတက်ရောက်ခဲ့သည့် သင်တန်းသူသင်တန်းသားများက သင်တန်းအားကစားနည်းများအလိုက် သရုပ်ပြသဖျော်ဖြေခဲ့ကြသည်။ အဆိုပါ နွေရာသီအခြေခံအားကစား နည်းသင်တန်းများကို မတ်လ ၆ ရက်နေ့မှ ဧပြီလ ၇ ရက်နေ့အထိ ဖွင့်လှစ်ခဲ့ပြီး သင်တန်းများတွင် သင်တန်းသားသင်တန်းသူ ၂၅ဝ ဦးကျော် တက်ရောက်ခဲ့ကြောင်းသိရသည်။

ချမ်းသာ