ပြင်ဉီးလွင်ခရိုင် လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမ၌ Book Club အဖွဲ့ဝင်များနှင့် စာပေဆိုင်ရာတွေ့ဆုံဆွေးနွေးပွဲ ကျင်းပ

ပြင်ဦးလွင်  ဧပြီ  

မန္တလေးတိုင်းဒေသကြီး၊ ပြင်ဦးလွင်ခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ မြို့နယ်စာပေချစ်မြတ်နိုးသူများ (Book Club)အဖွဲ့နှင့် မြို့နယ်စာရေးဆရာအသင်းတို့ ပူးပေါင်းကာ စာပေဆိုင်ရာလုပ်ငန်းညှိနှိုင်းဆွေးနွေးပွဲကို ယနေ့မွန်းလွဲပိုင်းက ခရိုင်ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနရုံး၊ လူထုအခြေပြုဗဟိုဌာန (Community Centre)ခန်းမ၌ ကျင်းပပြုလုပ်သည်။

ရှေးဦးစွာ မြို့နယ်စာရေးဆရာအသင်း ဥက္ကဋ္ဌ သက်နိုင် (ပြင်ဦးလွင်)က အဖွင့်အမှာစကားပြောကြားပြီး ခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်ဝါဝါလွင်က Book Club အဖွဲ့ဝင်များနှင့် စာပေဆိုင်ရာတွေ့ဆုံဆွေးနွေးပွဲ ကျင်းပရသည့် ရည်ရွယ်ချက်နှင့် လူထုအခြေပြုဗဟိုဌာန၌ လစဉ်စာဖတ်ဝိုင်းများပြုလုပ်မှု  အခြေအနေတို့ကို ရှင်းလင်းပြောကြား သည်။

ထို့နောက် ပြင်ဦးလွင်ခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဦးစီးအရာရှိ ဒေါ်ယမင်းလှိုင်၊ မြို့နယ်စာရေးဆရာအသင်း အတွင်းရေးမှူးနှင့် အဖွဲ့ဝင်များ၊ မြို့နယ်စာပေ ချစ်မြတ်နိုးသူများအသင်း (Book Club)အဖွဲ့ဝင်များတို့က စာပေဆိုင်ရာ ကိစ္စရပ်များနှင့် လစဉ် စာဖတ်ဝိုင်းများ ပြုလုပ်ကျင်းပပြုလုပ်မှု အခြေအနေများနှင့်ပတ်သက်၍ အပြန်အလှန် ဆွေးနွေးခဲ့ကြကြောင်း သိရသည်။

ဖြူလူသစ် [ခရိုင်(ပြန်/ဆက်)]