နမ္မတူမြို့နယ် လူထုအခြေပြုဗဟိုဌာန၌ မိုးကြိုးဘေးအန္တရာယ်ကြိုတင်ကာကွယ်ရေး အများပြည်သူအသိပညာပေး(Talk Show)ကျင်းပ

နမ္မတူ ဧပြီ ၇

ပြန်ကြားရေးဝန်ကြီးဌာန၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ကျောက်မဲခရိုင်၊ နမ္မတူမြို့နယ်ရုံးနှင့် မြို့နယ်ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာနတို့ ပူးပေါင်း၍ Online စနစ်ဖြင့် မိုးကြိုဘေးအန္တရာယ်ကြိုတင်ကာကွယ်ရေး အများပြည်သူအသိပညာပေး (Talk Show) အစီအစဉ်ကို ယမန်နေ့မွန်းလွဲ(၁)နာရီအချိန်က နမ္မတူမြို့နယ် လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမ၌ ရိုက်ကူးတင်ဆက်ခဲ့ကြောင်း သိရသည်။

ရှေ့ဦးစွာ အသိပညာပေး(Talk Show)တွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန နမ္မတူမြို့နယ်ရုံးမှ ဦးစီးအရာရှိ(တာဝန်ပေး) ဒေါ်နန်းမျိုးဆောင်းကျော်က Online စနစ်ဖြင့် မိုးကြိုးဘေးအန္တရာယ်ကြိုတင်ကာကွယ်ရေး အများပြည်သူအသိပညာပေး(Talk Show) ကျင်းပပြုလုပ်ရခြင်း ရည်ရွယ်ချက်အား ရှင်းလင်းပြောကြားခဲ့သည်။

ထို့နောက် မြို့နယ်ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာနမှ ဒုတိယဦးစီးမှူး ဦးသိန်းဟန်က မိုးကြိုးပစ်ခြင်းသည် မိုးကြိုကာလ ဧပြီလနှင့် မေလ၊ မိုးနှောင်းကာလ အောက်တိုဘာလနှင့် နိုဝင်ဘာလများတွင် များသောအားဖြင့် ဖြစ်ပေါ်လေ့ရှိကြောင်း၊ မိမိတို့ဒေသအနီးတစ်ဝိုက်တွင် မိုးခြိမ်းခြင်းနှင့် လျှပ်စီးလက်ခြင်းတို့ မကြာခဏဖြစ်ပေါ်နေပါက မိုးကြိုးပစ်နိုင်သည့် အန္တရာယ်ရှိနိုင်ကြောင်း၊ လျှပ်စီးလက်ခြင်းမဖြစ်မီ ကြိုတင်ဆောင်ရွက်ရန်များ၊ လျှပ်စီးလက်မှုဖြစ်ပွားစဉ် အိမ်အတွင်းရှိနေလျှင် ဆောင်ရွက်ရန်များ၊ လျှပ်စီးလက်ခြင်းဖြစ်ပွားစဉ် အိမ်အပြင်တွင်ရှိနေလျှင် ဆောင်ရွက်ရန်များ၊ လျှပ်စီးလက်ခြင်းဖြစ်ပွားပြီးနောက် လိုက်နာဆောင်ရွက်ရန်များ စသည့်အကြောင်းအရာများအား အများပြည်သူကျယ်ကျယ်ပြန့်ပြန့်သိရှိစေရေး အသိပညာပေး ရှင်းလင်းပြောကြားခဲ့သည်။

အဆိုပါ Online စနစ်ဖြင့် အများပြည်သူအသိပညာပေး (Talk Show)အစီအစဉ်များကို လစဉ်ဌာနဆိုင်ရာများ၊ လူမှုရေးအသင်းအဖွဲ့များ၊ အရပ်ဘက်အဖွဲ့အစည်းများဖြင့်ပူးပေါင်း၍ အများပြည်သူတို့ သိသင့်သိထိုက်သည့် အကြောင်းအရာများဖြင့် ရိုက်ကူးတင်ဆက်ပေးမည် ဖြစ်ကြောင်း ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန နမ္မတူမြို့နယ်ရုံးမှ ဦးစီးအရာရှိ(တာဝန်ပေး) ဒေါ်နန်းမျိုးဆောင်းကျော်ထံက သိရသည်။

လူမော် (ပြန်/ဆက်)