ထန်းတောင်သူများ ထန်းဖိုရာသီပြီးဆုံးကာနီးအချိန် ထန်းမရာသီစတင် ထန်းဖိုထန်းလျှက် ဈေးကောင်းနေ

ညောင်ဦး  ဧပြီ  ၇

မန္တလေးတိုင်းဒေသကြီး ညောင်ဦးမြို့နယ်အတွင်းရှိ ထန်းတောင်သူများ ထန်းဖိုထန်း တက်လုပ်ငန်း ပြီးဆုံးကာနီးချိန် ထန်းမထန်းတက်လုပ်ငန်းစတင်ချိန် ထန်းလျှက်တစ်ပိသာ ၃၀၀၀ ကျပ်ဈေးနှုန်းဖြင့် ရောင်းချနေရကြောင်း ညောင်ဦးမြို့နယ် ထန်းတောင်သူများထံက သိရသည်။

ထန်းတောင်သူများသည် ထန်းတက်လုပ်ငန်းများအား ထန်းပိုတွဲလမှ စတင်၍ ထန်းလုပ် ငန်းစတင်လုပ်ကိုင်ကြပြီး သီတင်းကျွတ်လတွင် ထန်းရာသီ ပြီးဆုံးကြောင်း၊ ထန်းတောင်သူများ ထန်းတက်ရာတွင် တန်ခူးလမှ စတင်၍ ထန်းဖိုပင်များ စတင်ထန်းတက်ကြပြီး ထန်းဖိုရာသီ ထန်းလျှက်ချက်လုပ်ငန်း နယုန်လတွင် ပြီးဆုံးကြောင်း၊ ထန်းမထန်းတက်ရာသီဖြစ်သည့် နယုန် လမှစတင်ကာ ထန်းမထန်းတက်လုပ်ငန်း စတင်ပြီး သီတင်းကျွတ်လတွင် ထန်းရာသီလုပ်ငန်း သိမ်းဆည်းကြကြောင်း ညောင်ဦးမြို့နယ်၊ ကူကျေးရွာအုပ်စု၊ တောင်ရှေ့ကျေးရွာ ထန်းတောင်သူ ဦးအေးဟန်က ပြောကြားသည်။

ညောင်ဦးမြို့နယ် ထန်းတောင်သူများ ထန်းလျှက်ရရှိချိန် ထန်းလျှက်ရောင်းချရာတွင် ထန်းရာသီတလျှောက် ဈေးနှုန်းတူညီမှုမရှိပဲ ပေါ်ဦးပေါ်ဖျား ထန်းလျှက်ဈေးနှုန်းမှာ တစ်ပိဿ ၂၅၀၀ကျပ် စတင်ရောင်းချခဲ့ရပြီး ထန်းလျှက်လှိုင်လှိုင်ပေါ်ချိန် ထန်းပိုတွဲလတွင် ထန်းလျှက် ဈေးနှုန်း ၂၀၀၀ ကျပ်ထိ ဈေးနှုန်းကျဆင်းလေ့ရှိကာ ထန်းမရာသီချိန်တွင် ထန်းလျှက်ဈေးနှုန်း ၂၀၀၀ကျပ်မှ ၂၅၀၀ကျပ်ထိရှိကြောင်း တောင်ဘကျေးရွာ ထန်းလျှက်ချက်(ကျို)နေသည့် ဒေါ်ဝင်းဝင်းအေးက ရှင်းပြသည်။

ထန်းတောင်သူလုပ်ငန်းသည် ကရိကထအလွန်များပြားကာ အိမ်ရှိလူကုန်ပင်ပန်းကြကြောင်း၊ ထန်းတက်လုပ်ငန်း မစတင်မီအချိန်ကပင် ထန်းတက်လုပ်ငန်းနှင့် ဆက်စပ်လုပ်ကိုင်ရသည့် ပစ္စည်းများ ကြိုတင်စုဆောင်းပြင်ဆင်ထားရကြောင်း၊ ထန်းလျှက်ချက်လုပ်ရန် ထန်းလျှက်ချက်ဖို ပြုလုပ်ရန် မြေနီ၊ မြေစေး တူးယူကာ ဖိုပြုလုပ်ရကြောင်း၊ ထန်းလျှက်ချက်ဖို့ လောင်စာကြိုတင် စုဆောင်းထားရခြင်း၊ ထန်းဆွဲမြူအိုးကြိုတင်ဝယ်ယူထားရခြင်းနှင့် ယင်းဆွဲ၊ ယင်းထောင်၊ ထန်းလှီးအိမ်၊ ထန်းလှီးဓားများ ထန်းစတင်ပြင်ဆင်နိုင်ရန် ကြိုတင်စုဆောင်းထားရကြောင်း ထန်းတောင်သူများက ရှင်းပြသည်။ ထန်းလျှက် တစ်ပိသာရရှိရန် ထန်းဆွဲမြူအိုးငါး လုံးအပြည့်ကျိုချက်မှ ထန်းလျှက်တစ်ပိသာရကြောင်း သိရပြီး ထန်းရေထန်းဆွဲမြူအိုးတစ်လုံးလျှင် နှစ်လီတာရှိကြောင်း၊ မနှစ်က ထန်းမရာသီ ထန်းလျှက်တစ်ပိသာ (၂၅၀၀)ကျပ်ရောင်းချရပြီး ယခုနှစ်တွင် (၃၀၀၀)ကျပ် ရောင်းချရခြင်းကြောင့်၊ ထန်းဖိုရာသီ ပြီးဆုံးကာနီးအချိန် ထန်းဖို ထန်းလျှက်ဈေးကောင်းနေပြီး၊ ထန်းမထန်းရာသီစတင်ချိန်တွင်လည်း ထန်းလျှက်ဈေး နှုန်းကောင်းနေကြောင်း ထန်းတောင်သူ ဦးစိုးထိုက်ဦးက ရှင်းပြသည်။

ဒီပါလင်း