တာလေမြို့၊ အထွေထွေအုပ်ချုပ်ရေးဉီးစီးဌာနရုံး အစည်းအဝေးခန်းမ၌ လစဉ်လုပ်ငန်းညှိနှိုင်းအစည်းအဝေး ကျင်းပ

တာလေ ဧပြီ ၇

ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ တာချီလိတ်ခရိုင်၊ တာလေမြို့၌ လစဉ်လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယမန်နေ့နံနက် ၁၀ နာရီက မြို့အထွေထွေအုပ်ချုပ်ရေးဉီးစီးဌာနရုံး အစည်းအဝေးခန်းမ၌ ကျင်းပရာ ဖိတ်ကြားထားသော ဌာနဆိုင်ရာတာဝန်ရှိသူများနှင့် ရပ်ကွက်အုပ်ချုပ်ရေးမှူးများ တက်ရောက်ခဲ့‌ကြောင်း သိရသည်။

ရှေးဉီးစွာ မြို့အုပ်ချုပ်ရေးမှူး ဉီးလင်းလင်းအောင်က အဖွင့်အမှာစကားပြောကြားပြီး ထူးခြားဖြစ်စဉ်သတင်းများအား အချိန်နှင့်တစ်ပြေးညီ တင်ပြနိုင်ရေး၊ အဆောက်အဉီများ ဆောက်လုပ်မည်ဆိုပါက လုပ်ထုံး၊ လုပ်နည်းနှင့်အညီ တည်ဆောက်သွားနိုင်ရေး၊ မြေလွတ်၊ မြေရိုင်းကိစ္စရပ်များ၊ ကျေးရွာများတိုးချဲ့တင်ပြနိုင်ရေးကိစ္စရပ်များ၊ နွေရာသီသို့ ကူးပြောင်းရောက်ရှိလာပြီဖြစ်သည့်အတွက် တောင်ယာမီးရှို့ခြင်းများအား ဆင်ခြင်နိုင်ရေး၊ ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေးထိုးနှုံမှုကိစ္စနှင့်ပတ်သက်၍ ကာကွယ်ဆေးထိုးနှံပြီးစီးပါက ကာကွယ်ဆေးထိုးနှံပြီးစိးမှုလက်မှတ်တင်ပြနိုင်ရေး၊ မဟာသင်္ကြန်ကာလ နှစ်ဆန်းတစ်ရက်နေ့တွင် အန္တရာယ်ကင်းပရိတ်ရွက်ဖတ်နိုင်ရေး စသည့်ကိစ္စရပ်များအား ဆွေးနွေးပြောကြားသည်။

ထို့နောက် မိုင်းလင်းရဲစခန်းမှူး ဒုရဲမှူး အောင်လင်းဉီးနှင့် တာလေရဲစခန်းမှူး ဒုရဲမှူးစိန်ပိုတို့က မဟာသင်္ကြန် ကာလရောက်ရှိလာတော့မည်ဖြစ်သည့်အတွက် လုံခြုံရေးဂရုစိုက်ကြရန်၊ သက်ဆိုင်ရာရပ်ကွက်အုပ်ချုပ်ရေးမှူးများအနေဖြင့် မိမိရပ်ကွက်အတွင်း မှုခင်းကိစ္စရပ်များမဖြစ်ပွားအောင် ဝိုင်းဝန်းပူးပေါင်းထိန်းသိမ်းပေးကြရန်နှင့် မှုခင်းကိစ္စရပ်များဖြစ်ပေါ်လာပါက အချိန်မီဆက်သွယ်သတင်းပေးပို့ကြရန် ဆွေးနွေးပြောကြားသည်။

ယင်းနောက် အစည်းအဝေးတက်ရောက်လာသော ဌာနဆိုင်ရာတာဝန်ရှိသူများနှင့် ရပ်ကွက်အုပ်ချုပ်ရေးမှူးများက မိမိတို့ကဏ္ဍအလိုက် လုပ်ငန်းဆောင်ရွက်မှုအခြေအနေများ၊ လိုအပ်ချက်များအား ရှင်းလင်းတင်ပြရာ မြို့အုပ်ချုပ်ရေးမှူး ဉီးလင်းလင်းအောင်က လိုအပ်သည်များ ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။

ယဉ်ယဉ်ဝင်း(ပြန်/ဆက်)