ကချင်ပြည်နယ်ဝန်ကြီးချုပ် ဦးခက်ထိန်နန် ကံပိုင်တည်စီးပွားရေးနယ်မြေစီမံကိန်း အကောင် အထည်ဖော် ဆောင်ရွက်နိုင်ရေး MoA စာချုပ်မူကြမ်းပါ အချက်များအား တာဝန်ရှိသူများနှင့် လုပ်ငန်းညှိနှိုင်းဆွေးနွေး

မြစ်ကြီးနား ဧပြီ ၇

ကချင်ပြည်နယ်အတွင်း ကံပိုင်တည်နယ်စပ်ဂိတ်မှ တစ်ဆင့် တရုတ်ပြည်သူ့သမ္မတနိုင်ငံ ထိန်းချုံးခရိုင်နှင့် နှစ်နိုင်ငံကုန်စည်စီးဆင်းမှု ပိုမိုခိုင်မာအားကောင်းလာစေပြီး ရေရှည်အတွက် လွယ်ကူလျင်မြန်စွာ ဆောင်ရွက်နိုင်ရေး ပြည်နယ်ဝန်ကြီးချုပ် ဦးခက်ထိန်နန်သည် ယမန်နေ့ နံနက် ၁၀ နာရီ တွင် ပြည်နယ်အစိုးရအဖွဲ့ရုံး မလိခခန်းမ၌ ကံပိုင်တည် စီးပွားရေးနယ်မြေတည်ထောင်အကောင် အထည်ဖော်ရေးဆိုင်ရာစီမံကိန်းနှင့် ပတ်သက်၍ MoA ရေးထိုးနိုင်ရေးအတွက် စာချုပ်မူကြမ်းပါ အချက်များအား တာဝန်ရှိသူများနှင့် ညှိနှိုင်းဆွေးနွေးခဲ့သည်။ 

ထို့သို့ဆွေးနွေးရာတွင် ပြည်နယ်ဝန်ကြီးချုပ်က နှစ်နိုင်ငံ နယ်စပ်ကုန်သွယ်မှုဖွံ့ဖြိုးတိုးတက်ရေးနှင့် ပြည်နယ်ဖွံ့ဖြိုးတိုးတက်ရေး အတွက် ကံပိုင်တည်စီးပွားရေးနယ်မြေစီမံကိန်းကို အကောင်အထည် ဖော်ဆောင်ရွက်နိုင်ရေး ပေါင်းစပ်ဆွေးနွေးမှု အားကောင်း လာသည်နှင့်အမျှ ပိုမိုအားကောင်း ခိုင်မာလာသည့် လုပ်ငန်းစီမံကိန်းတစ်ခုအဖြစ် ပေါ်ထွန်းလာမည်ဖြစ်ပါကြောင်း၊ ဒါ့အပြင် နှစ်ရှည် စီမံကိန်း ဖြစ်သည့်အတွက် လက်တွေ့တွေ့ကျကျဖြင့် ရေရှည်အကျိုးဖြစ်ထွန်းနိုင်မှုကို မျှော်တွေး၍ ဆွေးနွေး ဆုံးဖြတ်သွားရ မည်ဖြစ်ကြောင်း တိုက်တွန်းမှာကြားသည်။

ဆက်လက်၍ မြန်မာ-တရုတ် နယ်စပ်စီးပွားရေး ပူးပေါင်းဆောင်ရွက်မှုဇုန် တည်ထောင် အကောင်အထည်ဖော်ရေးဆိုင်ရာ ပြည်နယ်အဆင့်ကော်မတီဥက္ကဋ္ဌ၊ ပြည်နယ်စီးပွားရေးရာဝန်ကြီး ဦးမျိုးဆွေက ကံပိုင်တည် နယ်စပ်ဂိတ်တွင် ယာဉ်ဖြတ်သန်းမှုနှင့် စပ်လျဉ်း၍ စစ်ဆေးတွေ့ရှိချက်များအပေါ် တွက်ချက်ထားရှိမှုများကို ရှင်းလင်းဆွေးနွေးပြီး ကော်မတီအဖွဲ့ဝင် ဌာနဆိုင်ရာများ၊ မြန်မာဟိန်ရ ရင်းနှီးမြှုပ်နှံမှုဖွံ့ဖြိုးရေး ကုမ္ပဏီလီမိတက်မှ မန်နေဂျင်းဒါရိုက်တာ၊ တာဝန်ရှိသူများနှင့် စီမံကိန်း အကောင်အထည် ဖော်ရေးဆိုင်ရာ MoA စာချုပ်မူကြမ်းပါ စီမံကိန်းနယ်မြေအတွင်း ယာဉ်ဖြတ်သန်းခ ကောက်ခံမှုဆိုင်ရာကိစ္စရပ်အပေါ် ဌာနဆိုင်ရာ ဥပဒေလုပ်ထုံးလုပ်နည်း၊ သတ်မှတ်ညွှန်ကြားချက်များနှင့်အညီ ဖြစ်စေရေး စေ့စပ်ဖြည့်စွက်သုံးသပ်အကြံပြုဆွေးနွေးတင်ပြကြရာ ပြည်နယ်ဝန်ကြီးချုပ်က လိုအပ်သည်များကို တာဝန်ရှိသူများနှင့် ပေါင်းစပ်ညှိနှိုင်း၍ ဆွေးနွေးဆောင်ရွက်ပေးခဲ့သည်။

ထို့အပြင် မွန်းလွဲပိုင်းတွင် အဆိုပါအစည်းအဝေးခန်းမ၌ ပြည်နယ်ဝန်ကြီးချုပ်သည် ပြည်နယ်သစ်တောဦးစီးဌာန၊ ဒေသခံပြည်သူ အစုအဖွဲ့ပိုင် သစ်တောများတွင် ဝါးစိုက်ပျိုးထုတ်လုပ်နိုင်ရေး မြစ်ကြီးနားနှင့် ဝိုင်းမော်မြို့နယ်အတွင်းရှိ အစုအဖွဲ့ပိုင် သစ်တော စိုက်ခင်း (CF)လုပ်ငန်းဆောင်ရွက် နေသူများနှင့် လုပ်ငန်းညှိနှိုင်းဆွေးနွေးခဲ့သည်။

လုပ်ငန်းညှိနှိုင်းဆွေးနွေးပွဲတွင် ပြည်နယ်ဝန်ကြီးချုပ်က ယနေ့ နိုင်ငံ‌တော်အနေဖြင့် ပြည်တွင်း ထုတ်ကုန်များ တိုးမြှင့်ထုတ်လုပ်၍ နိုင်ငံခြားမှ သွင်းကုန်များ လျော့ချပြီး နိုင်ငံခြားငွေကုန်ကျမှုလျှော့ချနိုင်ရေး ကြိုးပမ်းဆောင်ရွက်လျက်ရှိရာ မိမိတို့ပြည်နယ် အစိုးရအဖွဲ့အနေဖြင့်လည်း ဒေသတွင်း အလေ့ကျပေါက်ရောက်နိုင်သည့် ဝါးကို အသုံးပြု၍ စက္ကူအပါအဝင် ဝါးထုတ်ကုန်များ ထုတ်လုပ်နိုင်ရေး၊ ပြည်နယ်အတွင်း စက္ကူစက်ရုံများ တည်ထောင်ပြီး စက္ကူထုတ်လုပ်နိုင်ရေး ကြိုးပမ်းဆောင်ရွက် လျက်ရှိပါ ကြောင်း၊ သို့ဖြစ်ပါ၍ ဝါးကုန်ကြမ်းလိုအပ်ချက်များ ပြည့်မီစွာရရှိရေးအတွက် ယနေ့အစုအဖွဲ့ ပိုင်သစ်တောစိုက်ခင်း လုပ်ငန်း ဆောင်ရွက်သူ ဒေသခံများအနေဖြင့် အစုအဖွဲ့ပိုင်သစ်တောများတွင် ဝါးစိုက်ပျိုးမှု တိုးမြှင့်ဆောင်ရွက်နိုင်ရေးအတွက် လိုအပ်သည် များကို ပွင့်ပွင့်လင်းလင်းဆွေးနွေးကြစေ လိုကြောင်း တိုက်တွန်းမှာကြားသည်။

ထို့နောက် ပြည်နယ်သစ်တောဦးစီးဌာန၊ ဒုတိယညွှန်ကြားရေးမှူးက ဝါးကုန်ကြမ်းများ ရရှိရေးအတွက် ဝါးစိုက်ခင်းများ တည်ထောင် ရမည့်နည်းတူ ကုန်ကျစရိတ်သက်စွာဖြင့် သဘာဝအလျောက် ပေါများစွာတည်ရှိနေသည့် သဘာဝဝါးရုံများ၊ ဝါးရုံပျက်များ ပြန်လည် ပြုစုပေးနိုင်သည့်နည်းလမ်းများ၊ ဝါးဓမ္မတာ မျိုးဆက်ပေးခြင်းလုပ်ငန်းများကို ပါဝါပွိုင့်ဖြင့် ရှင်းလင်းတင်ပြသည်။

ဆက်လက်၍ အစည်းအဝေးတက်ရောက်လာကြသည့် ပြည်နယ်သယံဇာတရေးရာဝန်ကြီး၊ ပြည်နယ်အဆင့် ဌာနဆိုင်ရာများ၊ ခရိုင်၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌများ၊ မြို့နယ်သစ်တောဦးစီးမှူးများနှင့် အစုအဖွဲ့ပိုင်သစ်တောစိုက်ခင်း လုပ်ငန်းဆောင်ရွက်သူများ က ၎င်းတို့၏ အစုအဖွဲ့ပိုင် သစ်တောများအတွင်း လက်ရှိ ဝါးစိုက်ပျိုးလျက်ရှိသည့် အခြေအနေများ၊ ဘဏ္ဍာနှစ်အလိုက် တိုးချဲ့ စိုက်ပျိုးနိုင်ရေး စီမံဆောင်ရွက်ထားရှိမှုများ၊ ဝါးပျိုးပင်များ ဖြန့်ဝေနိုင်ရေး ပြုစုပျိုးထောင်ထားရှိမှုများ၊ စိုက်ပျိုးနည်းစနစ်၊ နည်းပညာ လိုအပ်ချက်၊ ရန်ပုံငွေနှင့် ချေးငွေများ မတည်ပေးနိုင်ရေး၊ ဈေးကွက် ရှာဖွေပေးနိုင်ရေးတို့ကို တင်ပြဆွေးနွေးကြရာ ပြည်နယ် ဝန်ကြီးချုပ်က ဝါးတိုးချဲ့စိုက်ပျိုးနိုင်ရေးအတွက် စနစ်တကျ စီမံချက်ရေးဆွဲဆောင်ရွက်သွားရေး၊ အစုအဖွဲ့ပိုင်သစ်တောစိုက်ခင်း လုပ်ငန်းသူများအနေဖြင့် ပြည်နယ်အစိုးရအဖွဲ့နှင့် ပူးပေါင်း၍ လာမည့် မိုးဦးကျချိန်တွင် ဝါးစိုက်ပျိုးပွဲ ကျင်းပနိုင်ရေးနှင့် ချေးငွေ ရရှိရေးအတွက် ဖြည့်ဆည်းဆောင်ရွက်ပေးနိုင်ရေး ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးခဲ့ သည်။

ထို့နောက် ပြည်နယ်ဝန်ကြီးချုပ်က တက်ရောက်လာကြသည့် CF လုပ်ကိုင်သူ တောင်သူများအား မတည်ထောက်ပံ့ငွေအဖြစ် ဝိုင်းမော်မြို့နယ် အစုအဖွဲ့ပိုင်သစ်တောစိုက်ခင်း လုပ်ကိုင်သူများအတွက် ငွေကျပ် ၂ သိန်း၊ မြစ်ကြီးနားမြို့နယ် တာလောကြီးနှင့် ဟိုကပ်ကျေးရွာအုပ်စုရှိ အစုအဖွဲ့ ပိုင်သစ်တော စိုက်ခင်းလုပ်ကိုင်သူများအတွက် ငွေကျပ် ၁ သိန်းစီကို ထောက်ပံ့ပေးအပ်ခဲ့ကြ ကြောင်း သိရသည်။

ပြည်နယ် (ပြန်/ဆက်)