ဥတ္တရသီရိ ဧပြီ ၇
နေပြည်တော်ကောင်စီမှ ကြီးမှူးကျင်းပသည့် ယဉ်ကျေးလိမ္မာသင်တန်းများ ဖွင့်လှစ်သင်ကြားပေးလျက်ရှိရာ ဥတ္တရခရိုင်၊ ဥတ္တရသီမြို့နယ်၊ ဇလောင်းကျေးရွာအုပ်စု၊ ဇလောင်း(တောင်)ကျေးရွာရှိ ရာဇဓာနီသာမဏေကျော် စာသင်တိုက်၌ ယဉ်ကျေးလိမ္မာသင်တန်း ဖွင့်ပွဲအခမ်းအနားကို ယမန်နေ့နံနက် ၈ နာရီခွဲအချိန်က ကျင်းပပြုလုပ်ခဲ့သည်။
ရှေးဦးစွာ အခမ်းအနားသို့ တက်ရောက်လာကြသည့် ဆရာတော်သံဃာတော်များနှင့် ဧည့်ပရိသတ်များက “နမောတဿ”သုံးကြိမ်ရွတ်ဆိုပူဇော်၍ အခမ်းအနား ဖွင့်လှစ်ပေးခဲ့ကြသည်။
ဆက်လက်၍ နေပြည်တော်ကောင်စီအဖွဲ့ဝင် ဦးမြင့်စိုးမှ အဖွင့်အမှာစကားပြောကြားရာတွင် ဗုဒ္ဓဘာသာလူငယ်၊ မောင်မယ်၊ ရင်သွေးရင်နှစ်တို့အား အခြေခံကိုယ်ကျင့်တရားများ အသည်းထဲ၊ ရင်ထဲစွဲမြဲစေရန်နှင့် ကိုယ်ကျင့်တရားကောင်းများ သိရှိလိုက်နာကျင့်သုံးပြီး လူနတ်နိဗ္ဗာန်သုံးတန်ချမ်းသာကို ရရှိခံစားနိုင်ကြစေရန်၊ အသိဉာဏ်ပညာပြည့်ဝသော လူတော်လူကောင်းများဖြစ်လာစေရန် ရည်ရွယ်၍ ဗုဒ္ဓဘာသာယဉ်ကျေးလိမ္မာသင်တန်းများကို နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ၏ လမ်းညွှန်မှုဖြင့် ပြည်ထောင်စုနယ်မြေအတွင်း နေရာဌာနပေါင်းစုံတွင် ကျယ်ကျယ်ပြန့်ပြန့် ဖွင့်လှစ်သင်ကြားပေးရခြင်းဖြစ်ကြောင်း အဖွင့်အမှာစကားပြောကြားသည်။
ထို့နောက် နေပြည်တော်ကောင်စီအဖွဲ့ဝင် ဦးမြင့်စိုးနှင့် ဥတ္တရခရိုင် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ခေတ္တခရိုင်အုပ်ချုပ်ရေးမှူး ဦးမင်းခိုင်ဝင်းတို့မှ ယဉ်ကျေးလိမ္မာပြဋ္ဌာန်းစာအုပ်များနှင့် စာရေးကိရိယာများပေးအပ်လှူဒါန်းရာ သင်တန်းနည်းပြဆရာမများနှင့် ကျောင်းသူလေးများက လက်ခံရယူခဲ့ကြပြီး ဇလောင်းကျေးရွာ ရပ်မိ၊ ရပ်ဖတစ်ဦးမှ ကျေးဇူးတင်စကားပြန်လည်ပြောကြားကာ အခမ်းအနားကို “ဗုဒ္ဓသာသနံ စိရံတိဋ္ဌတု”သုံးကြိမ်ရွတ်ဆို၍ ရုပ်သိမ်းခဲ့ကြသည်။
အဆိုပါအခမ်းအနားသို့ ဥတ္တရသီရိမြို့နယ် သံဃနာယကဥက္ကဋ္ဌ မဏိဇောတိက ကျွဲရှင်းကျောင်းတိုက်ဆရာတော် ဘဒ္ဒန္တပဒုမအမှူးပြုသော ပင့်သံဃာ(၅)ပါး၊ နေပြည်တော်ကောင်စီအဖွဲ့ဝင် ဦးမြင့်စိုး၊ နေပြည်တော်အဆင့် ဌာနဆိုင်ရာများ၊ ခေတ္တခရိုင်အုပ်ချုပ်ရေးမှူး ဦးမင်းခိုင်ဝင်းနှင့် ခရိုင်အဆင့်ဌာနဆိုင်ရာများ၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးရဲမြတ်သိန်းနှင့် မြို့နယ်အဆင့်ဌာနဆိုင်ရာတာဝန်ရှိသူများ၊ ရပ်ကွက်၊ ကျေးရွာအုပ်ချုပ်ရေးမှူးများ၊ သင်းတန်းဆရာ၊ ဆရာမများနှင့် ကျောင်းသား၊ ကျောင်းသူများစုစုပေါင်း(၂၀၀)ဦးခန့် တက်ရောက်ခဲ့ကြပြီး သင်တန်းကာလမှာ ဧပြီလ ၆ ရက်နေ့မှ ၂၅ ရက်နေ့အထိ ဖွင့်လှစ်သင်ကြားပေးသွားမည်ဖြစ်ကြောင်း တင်ပြအပ်ပါသည်။
ကျော်စွာဟိန်း(ပြန်/ဆက်)