ပုဗ္ဗသီရိမြို့နယ်၊ ပြည်သူ့စာကြည့်တိုက်၌ စာဖတ်ဝိုင်းကျင်းပ

ပုဗ္ဗသီရိ ဧပြီ ၇

ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်၊ ပုဗ္ဗသီရိမြို့နယ်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် ပုဗ္ဗသီရိမြို့နယ် စာအုပ်စာစောင်ချစ်မြတ်နိုးသူများအသင်း (Book Club)အဖွဲ့ဝင်များနှင့် စာပေဝါသနာရှင်များမှ စာရေးဆရာမ ဒေါက်တာမတင်ဝင်း၏ "အလုပ်ဆိုတာအင်အားပါ" စာအုပ်ဖြင့် စာဖတ်ဝိုင်းပြုလုပ်ခြင်းကို ယမန်နေ့နံနက်ပိုင်းက ပုဗ္ဗသီရိမြို့နယ် ပြည်သူ့စာကြည့်တိုက်၌ ကျင်းပခဲ့သည်။

အဆိုပါစာဖတ်ဝိုင်းတွင် ပုဗ္ဗသီရိမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဦးစီးအရာရှိ​ ဒေါ်သန္တာလင်းက စာဖတ်ဝိုင်းပြုလုပ်ရခြင်း၏ ရည်ရွယ်ချက်အား ရှင်းလင်းပြောကြားပြီး စာအုပ်စာစောင်ချစ်မြတ်နိုးသူများအသင်း (BookClub) အဖွဲ့ဝင်များဖြစ်ကြသည့် စာရေးဆရာမ ဒေါ်နန်းဝင်းဝင်းစိန် (ရဿဝတီအမေနန်း)က "အလုပ်ဆိုတာအင်အားပါ" ခေါင်းစဉ်ဖြင့်လည်းကောင်း၊  စာရေးဆရာ ဦး​ဌေးဦး (နွေဦးကိုကို)က  "အလုပ်တွင်ကျယ်စေချင်ရင် လူရောစိတ်ပါကျန်းမာဖို့လိုပါတယ်" ခေါင်းစဉ်ဖြင့်လည်းကောင်း၊ စာရေးဆရာ ဦးမြင့်မောင်(မောင်စူးရှ)က "အလုပ်လုပ်ရာမှာ အောင်မြင်စေလိုရင်အများနှင့် ပြေလည်အောင်ဆက်ဆံတတ်ပါစေ" ခေါင်းစဉ်ဖြင့်လည်းကောင်း၊ စာရေးဆရာ ဦးဘိုသန်း(ဘုန်းရဲနိုင်-ဂန့်ဂေါ)က "အလုပ်အောင်မြင်ချင်ရင် ဆွဲအားရောတွန်းအားပါသုံးသင့်တယ်" ခေါင်းစဉ်ဖြင့်လည်းကောင်း စာရေးဆရာမောင်လေပြေ(တောင်တွင်း)က "အလုပ်လုပ်တဲ့နေရာမှာ ခြင်္သေ့စိတ်ထားပါ" ခေါင်းစဉ်ဖြင့်လည်းကောင်း အသီးသီးဆွေးနွေးခဲ့သည်။

ထို့နောက် တက်ရောက်လာသည့် ကျောင်းသား ကျောင်းသူများက သိရှိလိုသည်များကိုမေးမြန်းရာ တာဝန်ရှိသူများက ပြန်လည်ဆွေးနွေးခဲ့ပြီး ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ခင်းကျင်းပြသထားသည့် သုတ၊ ရသစာအုပ်စာစောင်များအား စိတ်ဝင်စားစွာကြည့်ရှုခဲ့ကြောင်း သိရသည်။

သန္တာလင်း(ပုဗ္ဗသီရိ)