ရခိုင်ပြည်နယ်ဝန်ကြီးချုပ် ဦးထိန်လင်း မြေပုံမြို့နယ် ဖွံ့ဖြိုးရေးလုပ်ငန်းများ ကွင်းဆင်းကြည့်ရှုစစ်ဆေး ဌာနဆိုင်ရာများ၊ မြို့မိ၊ မြို့ဖများနှင့်တွေ့ဆုံ

စစ်တွေ  ဧပြီ   ၆

ရခိုင်ပြည်နယ်ဝန်ကြီးချုပ် ဦးထိန်လင်းသည် ပြည်နယ်ဝန်ကြီးများ၊ ပြည်နယ်အဆင့်ဌာနဆိုင်ရာ တာဝန်ရှိသူများနှင့်အတူ ယနေ့နံနက်ပိုင်းက မြောက်ဦးခရိုင်၊ မြေပုံမြို့နယ်ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများအား ကွင်းဆင်းကြည့်ရှုစစ်ဆေးပြီး ဌာနဆိုင်ရာများ၊ မြို့မိ၊ မြို့ဖများနှင့်တွေ့ဆုံသည်။

ဦးစွာ ပြည်နယ်ဝန်ကြီးချုပ်နှင့်အဖွဲ့သည် မြေပုံမြို့၊ အငူကျေးရွာရှိ ရှေးဟောင်းသမိုင်းဝင် ရင်ရိုးတော်ဓာတ် စေတီတော်မြတ်အား သွားရောက်ဖူးမြော်ကာ ပန်း‌၊ ရေချမ်းများဆက်ကပ်လှူဒါန်းကြပြီး စေတီတော်ဘက်စုံ ပြုပြင်ရန်အတွက် အလှူငွေများထည့်ဝင်လှူဒါန်းကြသည်။ ဆက်လက်၍ ပြည်နယ်ဝန်ကြီးချုပ်နှင့်အဖွဲ့သည် စေတီတော်ရင်ပြင်တိုးချဲ့တည်ဆောက်နေမှုအား လှည့်လည်ကြည့်ရှုကြရာ ဂေါပကအဖွဲ့ဥက္ကဋ္ဌနှင့်တာဝန်ရှိသူများက လိုက်လံရှင်းလင်းပြသကြသည်။

ထို့နောက် ပြည်နယ်ဝန်ကြီးချုပ်နှင့်အဖွဲ့သည် မြေပုံမြို့၊ အငူကမ်းခြေပတ်လမ်း၊ ကွန်ကရစ်ခင်းခြင်း လုပ်ငန်းဆောင်ရွက် နေမှုအား သွားရောက်ကြည့်ရှုစစ်ဆေးကြရာ မြို့နယ်ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာနမှူးက လုပ်ငန်းဆောင်ရွက် နေမှုနှင့် ဆက်လက်ဆောင်ရွက်မည့် အစီမံများကို ရှင်းလင်းတင်ပြပြီး  ပြည်နယ်လမ်းပန်းဆက်သွယ်ရေးဝန်ကြီး ရဲမှူးကြီး သက်လွင်က ဖြည့်စွက်ရှင်းလင်းတင်ပြသည်။ တင်ပြချက်များအပေါ် ပြည်နယ်ဝန်ကြီးချုပ်က သတ်မှတ်စံချိန်စံညွှန်း များနှင့်အညီ အချိန်မီပြီးစီး နိုင်ရေးအလေးထားဆောင်ရွက်ကြရန်နှင့် စေတနာထားဆောင်ရွက်ကြရန် လမ်းညွှန် မှာကြားခဲ့သည်။

ထို့နောက် ပြည်နယ်ဝန်ကြီးချုပ်နှင့်အဖွဲ့သည် မြေပုံမြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံး အစည်းအဝေးခန်းမ၌ မြို့နယ်အဆင့်ဌာနဆိုင်ရာများ၊ မြို့မိ၊ မြို့ဖများ၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးများနှင့် တွေ့ဆုံပွဲသို့ တက်ရောက်ကြသည်။ တွေ့ဆုံပွဲတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌက မြို့နယ်ဆိုင်ရာ အချက်အလက်များနှင့် ဒေသဖွံ့ဖြိုးရေး ဆောင်ရွက်နေမှုများနှင့်ပတ်သက်၍ ရှင်းလင်းတင်ပြပြီး မြို့မိ၊ မြို့ဖများက ဒေသဖွံ့ဖြိုးရေးအတွက် လိုအပ်ချက်များကို တင်ပြကြရာ ပြည်နယ်ဝန်ကြီးများက ပြန်လည် ရှင်းလင်းဆွေးနွေးပေးကြသည်။

 ယင်းနောက် ပြည်နယ်ဝန်ကြီးချုပ်က မြေပုံမြို့သည်ယခင်နှစ်များထက် သိသိသာသာတိုးတက် လာသည်ကို တွေ့ရှိရပါကြောင်း၊ ထိုသို့တိုးတက်လာခြင်းသည် ဌာနဆိုင်ရာများ၊ မြို့မိ၊ မြို့ဖများနှင့် ဒေသခံပြည်သူများ၏ ပူးပေါင်းပါဝင်မှုကြောင့်ဖြစ်ကြောင်း၊ မိမိတို့ပြည်နယ်အစိုးရအဖွဲ့အနေဖြင့် ပြည်နယ်၏တည်ငြိမ်အေးချမ်းရေး၊ စားနပ်ရိက္ခာဖူလုံရေးအတွက် အဓိကဆောင်ရွက်နေကြောင်း၊ ဒေသဖွံ့ဖြိုးတိုးတက်ရေးကို အလေးထား လုပ်ဆောင်နိုင်ရန်အတွက် ဒေသတည်ငြိမ်ရေး၊ တရားဥပဒေစိုးမိုးရေးကို ယခင်ကထက်ပိုမိုပြီး ဦးစားပေး ဆောင်ရွက်ကြရမည်ဖြစ်ကြောင်း၊ တည်ငြိမ်အေးချမ်းမှုရရှိ လာသည်နှင့်အမျှ ဖွံ့ဖြိုးတိုးတက်မှုများ ရရှိလာမည်ဖြစ်ပြီး ဖွံ့ဖြိုးတိုးတက်လာသည်နှင့်အမျှ ပြည်နယ်အတွင်း တည်ငြိမ်အေးချမ်းမှုကို ပိုမိုရရှိစေမည်ဖြစ်ကြောင်း၊ ဒေသတည်ငြိမ်အေးချမ်းရန် ဒေသခံများပူးပေါင်းပါဝင်ရန် လိုအပ်မည်ဖြစ်ကြောင်း၊ ပြည်သူများ ပူးပေါင်းပါဝင်ဆောင်ရွက်မှ ပြီးပြည့်စုံသည့် လုံခြုံမှုစနစ်တစ်ခုကို ရရှိနိုင်မည်ဖြစ်ကြောင်း၊ တည်ငြိမ်ရေးနှင့် တရားဥပဒေစိုးမိုးရေးကို တစ်ဘက်က ဆောင်ရွက်ယင်း ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများကို ပူးပေါင်းဆောင်ရွက်သွားကြရမည်ဖြစ်ကြောင်း၊ မြေပုံမြို့နယ်အတွင်း ဆန်ဖူလုံမှုများရှိသည်ဟုဆိုသော်လည်း မိမိတို့မြို့နယ်တွင်းသာမက ခရိုင်အတွင်း၊ ပြည်နယ်အတွင်း ဖူလုံနိုင်ရေး ပိုမို၍စီးပွားဖြစ်ထွန်းအောင်မြင်အောင် စိုက်ပျိုးကြစေလိုကြောင်း၊ စိုက်ပျိုးရေးတွင် မျိုးကောင်း၊ မျိုးသန့်ရရှိရန် လိုအပ်မည်ဖြစ်ပြီး စိုက်ပျိုးရေးဦးစီးဌာနနှင့် သက်ဆိုင်ရာတာဝန်ရှိသူများက တောင်သူများကို စည်းရုံးကာ စိုက်ပျိုးကြရန်လိုကြောင်း၊ မြို့နယ်အတွင်း စံပြစိုက်ကွက်များ စိုက်ပျိုးပြသရမည်ဖြစ်ကြောင်း၊ အလားတူ မွေးမြူရေးလုပ်ငန်းများကိုလည်း တိုးချဲ့လုပ်ကိုင်ကြရန်လိုကြောင်း၊ မြေပုံမြို့နယ်အနေဖြင့် စိုက်ပျိုးရေးနှင့် မွေးမြူရေးကို အခြေခံသည့် ထုတ်ကုန်တစ်ခုထုတ်လုပ်နိုင်ရန် ကြိုးစားဆောင်ရွက်ကြစေလိုကြောင်း၊ ထို့အတူ ပညာရေး၊ ကျန်းမာရေးကဏ္ဍများတွင် ဌာနဆိုင်ရာများ၊ မြို့မိ၊ မြို့ဖများက ပူးပေါင်းပါဝင်လုပ်ကိုင်ကြ ရမည်ဖြစ်ကြောင်း၊ မြို့နယ်အတွက် ဖွံ့ဖြိုးရေးလုပ်ငန်းများ စီမံကိန်းရေးဆွဲရာတွင် ဒေသခံပြည်သူများ၏ ဆန္ဒကိုအခြေခံပြီး‌ ရေးဆွဲကြစေလိုကြောင်းနှင့် မြို့မိ၊ မြို့ဖများနှင့် ဒေသခံပြည်သူများကလည်း မြို့နယ်၏ဖွံ့ဖြိုးတိုးတက်ရေးအတွက် ပူးပေါင်းဆောင်ရွက်ကြစေလိုကြောင်း ပြောကြားသည်။

ထို့နောက် ပြည်နယ်ဝန်ကြီးချုပ်က ချင်းတိုင်းရင်းသားရိုးရာဝတ်စုံများနှင့် အားကစားပစ္စည်းများကို ပေးအပ်ရာ ချင်းတိုင်းရင်းသား ကိုယ်စားလှယ်များနှင့် မြို့မိ၊ မြို့ဖများက လက်ခံရယူကြသည်။ ယင်းနောက် ပြည်နယ်ဝန်ကြီးချုပ်နှင့် အဖွဲ့သည် မြေပုံမြို့၊ မြို့မဆိပ်ခံတံတား အသစ်တည်ဆောက်မည့် လုပ်ငန်းအားသွားရောက် ကြည့်ရှုစစ်ဆေးကြရာ တံတားဦးစီးဌာန၊ တံတားအထူးအဖွဲ့(၇)မှ တာဝန်ခံ အင်ဂျင်နီယာက တံတားတည်ဆောက်မည့် အစီအမံများနှင့် ပတ်သက်၍ ရှင်းလင်းတင်ပြရာ ပြည်နယ်ဝန်ကြီးချုပ်က သက်ဆိုင်ရာတာဝန်ရှိသူများနှင့် ပေါင်းစပ်ညှိနှိုင်းပေးခဲ့ကြောင်း သိရသည်။

တင်ထွန်း(ပြန်/ဆက်)