ကော့မှူး အောက်တိုဘာ ၂
၂၀၂၀ ပြည့်နှစ် နိုဝင်ဘာ(၈)ရက်နေ့တွင် ကျင်းပမည့် ပါတီစုံဒီမိုကရေစီ အထွေထွေ ရွေးကောက်ပွဲအတွက် ဒုတိယအကြိမ် မဲဆန္ဒရှင်စာရင်းများကို ရန်ကုန်တောင်ပိုင်းခရိုင်၊ ကော့မှူးမြို့နယ်အတွင်းရှိ ရပ်ကွက်/ကျေးရွာ ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲရုံးများတွင် ယမန်နေ့ နံနက်က စတင်၍ (၁၄)ရက်ကြာ နံနက် ၇ နာရီမှ ည(၉)နာရီအထိ မဲစာရင်းများကို ကပ်ထားကြေညာထားပြီးဖြစ်ရာ ပထမအကြိမ်ထက် ကြည့်ရှုသူ များပြားနေကြောင်း တွေ့ရသည်။
အဆိုပါမဲဆန္ဒရှင်စာရင်းများကို ကပ်ထားကြေညာထားစဉ် မဲဆန္ဒရှင်များက လာရောက်ကြည့်ရှု စစ်ဆေးပြီး မိမိတို့၏အမည်များ မဲစာရင်းတွင် မပါဝင်ပါက ပုံစံ(၃)ဖြင့် မဲစာရင်းတွင် အမည်ထည့်သွင်း ပေးရန် တောင်းဆိုခြင်း၊ မပါဝင်သင့်သူများ ပါနေပါက ပုံစံ(၄)ဖြင့် ကန့်ကွက်ခြင်း၊ မဲစာရင်းပါ အချက်အလက်များ မှားယွင်းနေပါက ပုံစံ (၄-ဂ) ဖြင့် ပြင်ဆင်လွှာတင်သွင်းခြင်းတို့ကို မဲစာရင်း ကပ်ထားကြေညာသည့် (၁၄) ရက်အတွင်း ဆောင်ရွက်ရန်ဖြစ်ပြီး လိုအပ်သော ပုံစံများကို ရပ်ကွက်/ကျေးရွာ ရွေးကောက်ပွဲကော်မရှင် အဖွဲ့ခွဲရုံးများတွင် အခမဲ့ရယူနိုင်ကြောင်း သိရသည်။
ကော့မှူးမြို့နယ်တွင် ဒုတိယအကြိမ် မဲဆန္ဒရှင်စာရင်း ကပ်ထားကြေညာထားပြီးဖြစ်ရာ မဲပေးပိုင်ခွင့်ရှိသူ (၉၇၂၅၀)ကျော်ခန့်ရှိပြီး မဲရုံပေါင်း(၁၆၁)ရုံရှိကြောင်း မြို့နယ် ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲဥက္ကဋ္ဌ ထံမှ သိရသည်။
ကျော်သူရ ကော့မှူး