ထန်းတပင်မြို့နယ်၌ မြန်မာ့ရိုးရာယဉ်ကျေးမှု မဟာသင်္ကြန်ပွဲတော်ကို စည်ကားသိုက်မြိုက်စွာကျင်းပမည်

ထန်းတပင်(ရန်ကုန်) ဧပြီ

၁၃၈၄ ခုနှစ်၊ မြန်မာ့ရိုးရာယဉ်ကျေးမှု မဟာသင်္ကြန်ပွဲတော်ကို ရန်ကုန်တိုင်းဒေသကြီး၊ ထန်းတပင်မြို့နယ်တွင် ဗဟိုရေကစားမဏ္ဍပ်(၁)ခုနှင့် အုန်းလက်ရေကစားမဏ္ဍပ်ငယ် (၁၂၃)ခုတို့ဖြင့် ကျင်းပပြုလုပ်သွားမည်ဖြစ်ပြီး ဖျော်ဖြေရေးအစီအစဉ်များနှင့် စတုဒီသာကျွေးမွေးမှုများဖြင့် စည်ကားသိုက်မြိုက်စွာ ကျင်းပပြုလုပ်သွားမည်ဖြစ်ကြောင်း မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ထံမှ သိရသည်။

ထန်းတပင်မြို့နယ်မှာ မြန်မာ့ရိုးရာယဉ်ကျေးမှု မဟာသင်္ကြန်ပွဲတော်ကို ဗဟိုရေကစားမဏ္ဍပ်က(၁)ခုနှင့် သက်ဆိုင်ရာရပ်ကွက်/ကျေးရွာများမှာ အုန်းလက်ရေကစားမဏ္ဍပ်ငယ်က (၁၂၃)ခုတို့နဲ့ ဆင်နွှဲသွားမှာဖြစ်ပါတယ်။ နောက်ပြီးတော့ ဖျော်ဖြေရေး အစီအစဉ်အနေနဲ့ ကတော့ ဗဟိုရေကစားမဏ္ဍပ်မှာဆိုရင် ယိမ်းအဖွဲ့(၁၁)ဖွဲ့ကနေ ကပြဖျော်ဖြေပေးသွားမှာ ဖြစ်ပြီးတော့ တေးဂီတဖျော်ဖြေပွဲလည်း နေ့စဉ်ရှိပါတယ်။ ရေကစားမဏ္ဍပ်မှာ လာရောက်ပြီး ရေကစားကကြတဲ့သူတွေအတွက်ကိုလည်း စတုဒီသာများနှင့် ဧည့်ခံကျွေးမွေးသွားမှာ ဖြစ်ပါတယ်ဟု မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးနိုင်နိုင်ဦးက ရှင်းပြသည်။

 ထို့အပြင် နှစ်ဆန်းတစ်ရက်နေ့တွင်လည်း မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့မှ ဦးဆောင်၍ မြို့နယ်အတွင်း အန္တရာယ်ပရိတ်တရားတော်မြတ် ရွတ်ဖတ်ပူဇော်ပွဲများ၊ သက်ကြီး ပူဇော်ပွဲများနှင့် တဝရွှေဂူကြီးဘုရားတွင် ဇီဝိတဒါနငါးလွှတ်ပွဲကို ကျင်းပြုလုပ်သွားမည် ဖြစ်ကြောင်းလည်း သိရသည်။

စည်ကားသိုက်မြိုက်စွာ ကျင်းပြုလုပ်နိုင်ရေးအတွက်လည်း ရေကစားမဏ္ဍပ်များကို မြို့နယ်အတွင်း တည်ဆောက်လျက်ရှိပြီး တည်ဆောက်ပြီးစီးမှု အခြေအနေများကိုလည်း မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့် တာဝန်ရှိသူများက စစ်ဆေးဆောင်ရွက်လျက်ရှိသည်။

ဇင်မင်းထိုက်(ထန်းတပင်)