ယှဉ်ပြိုင်မှုဆိုင်ရာအသိပညာပေးဟောပြောပွဲနှင့် Tradenet 2.0 စနစ်မှ အလိုအလျောက်ပို့ကုန် လိုင်စင် ခွင့်ပြုထုတ်ပေးခြင်းဆိုင်ရာ ရှင်းလင်းပွဲအခမ်းအနား ကျင်းပပြုလုပ်

ချမ်းမြသာစည် ဧပြီ ၆

မန္တလေးတိုင်းဒေသကြီး၊ ချမ်းမြသာစည်မြို့နယ် ၇၃ လမ်း၊ မင်္ဂလာမန္တလေးဟိုတယ်တွင် ယနေ့နံနက် ၉ နာရီက ယှဉ်ပြိုင်မှုဆိုင်ရာ အသိပညာပေး ဟောပြောပွဲနှင့် Tradenet 2.0  စနစ်မှ အလိုအလျောက်ပို့ကုန်လိုင်စင် ခွင့်ပြုထုတ်ပေးခြင်းဆိုင်ရာ ရှင်းလင်းပွဲအခမ်းအနားကို ကျင်းပပြုလုပ်ခဲ့ကြောင်း သိရှိရသည်။

အခမ်းအနားတွင် စီးပွားရေးနှင့်ကူးသန်းရောင်း၀ယ်ရေး၀န်ကြီးဌာန၊ ကုန်သွယ်ရေးဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးမြင့်သူရက အဖွင့်အမှာစကား ပြောကြားခဲ့ပြီးနောက် မန္တလေးတိုင်းဒေသကြီး၊ မန္တလေးကုန်သည်များနှင့် စက်မှုလက်မှုလုပ်ငန်းရှင်များအသင်း ဥက္ကဋ္ဌဦး၀င်းဌေးက နှုတ်ခွန်းဆက်စကား ပြောကြားခဲ့သည်။ ဆက်လက်ပြီး မြန်မာ နိုင်ငံယှဉ်ပြိုင်မှုကော်မရှင်အဖွဲ့ဝင် ဦးသုတအောင်က"ယှဉ်ပြိုင်မှုဥပဒေ၊ နည်းဥပဒေများနှင့် မြန်မာနိုင်ငံယှဉ်ပြိုင်မှုကော်မရှင်" ခေါင်းစဉ်ကိုလည်းကောင်း၊ မြန်မာနိုင်ငံယှဉ်ပြိုင်မှု ကော်မရှင်၊ တွဲဖက်အတွင်းရေးမှူး ဒုတိယညွှန်ကြားရေးမှူးချုပ် ဦး၀င်းလွင်က"ယှဉ်ပြိုင်မှု ဥပဒေဆိုင်ရာတိုင်ကြားမှုများကို လက်ခံဆောင်ရွက်မှုအဆင့်ဆင့်" ခေါင်းစဉ်ကို လည်းကောင်း အသီးသီးဟောပြောခဲ့ကြပြီး တက်ရောက်လာကြသည့် ကိုယ်စားလှယ်များက သိရှိလိုသည်များအား ဆွေးနွေးမေးမြန်းခဲ့ကြသည်။

ဆက်လက်ပြီး အခမ်းအနား၏ ဒုတိယပိုင်းအစီအစဉ်ကို ဆောင်ရွက်ခဲ့ရာ HS 2022 Version တွင် Automatic, Non - Automatic သတ်မှတ်ထားမှုများကို ကုန်သွယ်မှုမူဝါဒဌာနခွဲ၊ ဒုတိယညွှန်ကြားရေးမှူး ဒေါ်ချိုသက်မူက ရှင်းလင်းဆွေးနွေးခဲ့ပြီး Tradenet 2.0 စနစ်မှအလိုအလျောက် ပို့ကုန်လိုင်စင်ခွင့်ပြုထုတ်ပေးနေမှုအခြေအနေအား သတင်းအချက် အလက် နည်းပညာဌာနခွဲ၊ လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်ရည်ရည်မွန်က ရှင်းလင်းဆွေးနွေးခဲ့သည်။ ထို့နောက် အခမ်းအနားသို့ တက်ရောက်လာကြသူများက သိရှိလိုသည် များကို မေးမြန်းဆွေးနွေးခဲ့ရာ တာ၀န်ရှိသူများက ပြန်လည်ရှင်းလင်းဆွေးနွေးပေးခဲ့သည်။  အဆိုပါ အခမ်းအနားသို့ ဖိတ်ကြားထားသည့် ဌာနဆိုင်ရာအကြီးအကဲများ၊ မန္တလေး ကုန်သည်ကြီးများနှင့် စက်မှုလက်မှုလုပ်ငန်းရှင်များ၊ စီးပွားရေးလုပ်ငန်းရှင်များ တက်ရောက်ခဲ့ကြောင်း  သိရှိရသည်။

ခင်စိမ်း၀င်း