ပေါင် ဧပြီ ၆
မွန်ပြည်နယ်၊ ပေါင်မြို့နယ်တွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာနတို့ ပူးပေါင်းကာ ရေသယံဇာတနှင့်ရေထုညစ်ညမ်းမှုအကြောင်း အသိပညာပေးဆွေးနွေးပွဲ (Talk Show)ကို ယနေ့နံနက်ပိုင်းက ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန(Community Centre)ခန်းမ၌ အွန်လိုင်းမှတစ်ဆင့် ကျင်းပပြုလုပ်ခဲ့သည်။
ဆွေးနွေးပွဲတွင် ရှေးဦးစွာ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဦးစီးအရာရှိ ဒေါ်တင်ဇာစိုးက(Talk Show)ပြုလုပ်ရခြင်း၏ရည်ရွယ်ချက်ကို ရှင်းလင်းပြောကြားပြီး သထုံခရိုင် ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာနမှ ဒုတိယဦးစီးမှူး ဒေါ်ချမ်းမြေ့မြတ်နိုးနှင့် လက်ထောက်ဦးစီးမှူး ဒေါ်သက်နှင်းပွင့်တို့က ကမ္ဘာပေါ်ရှိ လူသားတို့အပါအဝင် သက်ရှိ အမျိုးမျိုးတို့ အသက်ရှင်သန်နိုင်ရေးအတွက် အရေးပါသည့် ရေအရင်းအမြစ်များ၊ ရေထုညစ်ညမ်းမှုဖြစ်ပွားရသည့် အဓိကအကြောင်းအရာများ၊ ရေထုညစ်ညမ်းမှုကြောင့် သဘာဝ ပတ်ဝန်းကျင်ဂေဟစနစ်များ ထိခိုက်ယိုယွင်းမှုများနှင့် ရေသယံဇာတပျက်စီးမှုများ၊ ရေထုညစ်ညမ်းမှု လျော့ချနိုင်ရေးအတွက် လူတစ်ဦးချင်းစီအနေဖြင့် ရေအရင်းအမြစ်များကို ထိန်းသိမ်းခြင်း၊ ရေထုအတွင်း အန္တရာယ်ရှိသောပစ္စည်းများ စွန့်ပစ်ခြင်းကို ရှောင်ကျဉ်ခြင်း၊ ပတ်ဝန်းကျင်နှင့် သဟဇာတဖြစ်သော ထုတ်ကုန်များကို အသုံးပြုခြင်း စသည့် ရေထုညစ်ညမ်းမှုကို လျော့ချနိုင်မည့် နည်းလမ်းများဆိုင်ရာ သိကောင်းစရာတို့ကို အကျယ်တဝင့် ရှင်းလင်းဆွေးနွေးခဲ့ကြသည်။
ပေါင်မြို့နယ်တွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနအနေဖြင့် ပြည်သူများ အသိပညာများ တိုးပွားစေရေးအတွက် ယခုကဲ့သို့ အသိပညာပေးဆွေးနွေးပွဲ Talk Show အစီအစဉ်များ ရိုက်ကူးထုတ်လွှင့်ခြင်း အပါအဝင် အသိပညာပေးဝန်ဆောင်မှုလုပ်ငန်းများကို စဉ်ဆက်မပြတ်ဆောင်ရွက်လျက်ရှိပြီး Talk Show အစီအစဉ်များကို ပြည်သူများအကျိုးရှိစေမည့် သတ်မှတ်ခေါင်းစဉ်အလိုက် ရိုက်ကူးထုတ်လွှင့်ခြင်းအား လူထုအခြေပြုဗဟိုဌာနခန်းမ၌ လစဉ်ပုံမှန်ပြုလုပ်လျက်ရှိကြောင်း သိရသည်။
မြို့နယ်(ပြန်/ဆက်)