တွံတေး ဧပြီ ၆
ရန်ကုန်တိုင်းဒေသကြီး၊ တွံတေးမြို့နယ်တွင် ၁၃၈၄ ခုနှစ် မြန်မာ့ရိုးရာ အတာသင်္ကြန်ပွဲအား ဧပြီ ၁၃ ရက်နေ့မှ စတင်ကာ ဧပြီ ၁၆ ရက်နေ့အထိ ယိမ်းအကအလှများ၊ ဖျော်ဖြေရေး အစီအစဉ်များ၊ ရေကစားလာပြည်သူများအား စတုဒီတာမုန့်ကျွေးခြင်းများဖြင့် စည်ကားသိုက်မြိုက်စွာ ကျင်းပသွားမည်ဖြစ်ကြောင်း သိရသည်။
၁၃၈၄ ခုနှစ် မြန်မာ့ရိုးရာ အတာသင်္ကြန်ပွဲကို အုန်းပင်စုရပ်ကွက်၊ ရွှေဆံတော်ဘုရားလမ်းမကြီးရှိ ဗဟိုမဏ္ဍပ်တွင် စည်ကားသိုက်မြိုက်စွာ ကျင်းပမည်ဖြစ်ရာ ဗဟိုမဏ္ဍပ်တွင် ယိမ်းအက အလှအဖွဲ့(၈)ဖွဲ့နှင့် တေးဂီတများဖြင့် ကပြဖျော်ဖြေမည်ဖြစ်ပြီး၊ ဗဟိုမဏ္ဍပ်နှင့် ရေကစားမဏ္ဍပ်များသို့ လာရောက်ကြည့်ရှုအားပေးသည့် ပရိသတ်များ၊ ရေကစားလာပြည်သူများနှင့် ဖျော်ဖြေရေးယိမ်းအဖွဲ့များအား သင်္ကြန်ဖြစ်မြောက်ရေးကော်မတီနှင့် အလှူရှင်များမှ နေ့စဉ် စတုဒီသာမုန့်များဖြင့် ဧည့်ခံကျွေးမွေးကာ ၁၃၈၄ ခုနှစ် မြန်မာ့ရိုးရာအတာသင်္ကြန်ပွဲတော်ကို စည်ကားသိုက်မြိုက်စွာ ကျင်းပဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။
မြန်မာနှစ်ဆန်းတစ်ရက်နေ့တွင် ဇီဝိတဒါနငါးလွတ်ခြင်း၊ သက်ကြီးဘိုးဘွားများကို ကန်တော့ခြင်းနှင့် မြို့ပေါ်ရပ်ကွက်များအတွင်း ပရိတ်တရားတော်များ ရွတ်ဖတ်ခြင်း အစီအစဉ်များကို ကျင်းပသွားမည်ဖြစ်ကြောင်း တာဝန်ရှိသူတစ်ဦးထံမှ သိရသည်။
တွံတေးသား