သီပေါမြို့ သီတဂူစက္ခုဒါနဆေးရုံတော်ကြီးတွင် မေလအတွင်း(၅၁)ကြိမ်မြောက် အခမဲ့မျက်စိစမ်းသပ် ခွဲစိတ်ကုသပေးမည်

သီပေါ ဧပြီ ၆

ရှမ်းပြည်နယ်(မြောက်ပိုင်း) သီပေါမြို့နယ်၊ မဟာမြတ်မုနိဘုရားကြီး၊ သီတဂူစက္ခုဒါန ဆေးရုံတော်ကြီး တွင် ကမ္ဘာ့ဗုဒ္ဓတက္ကသိုလ် အဓိပတိ သီတဂူဆရာတော် ဒေါက်တာအရှင်ဉာဏိဿရ ဦးဆောင်ဦးရွက်မှုနှင့် သီပေါမြို့မဟာမြတ်မုနိဘုရားကြီး အကျိုးတော်ဆောင် ဆရာတော် ဘဒ္ဒန္တပညာသီရိ၏ ကြီးကြပ်မှုဖြင့် ရန်ကုန်၊ မန္တလေး၊ ပြင်ဦးလွင်စသည့် မြို့ကြီးများမှ မျက်စိအထူးကုဆရာဝန်ကြီးများက အခမဲ့ မျက်စိ စမ်းသပ် ခွဲစိတ်ကုသပေးခဲ့ရာ အကြိမ်(၅၀)မြောက်ရှိခဲ့ပြီဖြစ်ကြောင်းသိရသည်။

မျက်စိစမ်းသပ် ခွဲစိတ်ကုသမှုအား(၅၁)ကြိမ်မြောက်အဖြစ် ၂၀၂၃ခုနှစ် ၊ မေလ ၂ ရက်နေ့တွင် ပြန်လည် ဖွင့်လှစ်ဆောင်ရွက် သွားမည်ဖြစ်သောကြောင့် ဆရာဝန်များနှင့်လူနာများ စိတ်အေးချမ်းသာစွာ ကုသ ဆောင်ရွက်နိုင်ရေးအတွက် ဆေးရုံတော်ကြီးအတွင်း၊ အပြင်နှင့် ခွဲစိတ်ကုသခန်းများအား ပြင်ဆင် ဆောင်ရွက်လျက်ရှိကြောင်း၊ မျက်စိစမ်းသပ်ခွဲစိတ်ကုသပေးမှုများအား ၂၀၂၃ခုနှစ်၊ မေ လ(၂)ရက်နေ့မှ (၆)ရက်နေ့အထိ ဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်းနှင့် မျက်စိဝေဒနာရှင်များအနေဖြင့် အခမဲ့လာရောက်စမ်းသပ်ကုသနိုင်ကြောင်း၊ မဟာမြတ်မုနိ ဘုရားကြီး အကျိုးတော်ဆောင် ဆရာတော်ထံမှ သိရသည်။

ခင်လေး(သီပေါ၊ပြန်/ဆက်)