လူထုအခြေပြုဗဟိုဌာန(ကော့မှူး)၌ စာဖတ်ဝိုင်းကျင်းပ

ကော့မှူး ဧပြီ ၆

ရန်ကုန်တိုင်းဒေသကြီး၊ တွံတေးခရိုင်၊ ကော့မှူးမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထုအခြေပြုဗဟိုဌာန(Community Centre) ခန်းမ၌ ယမန်နေ့မွန်းလွဲပိုင်းက စာပေချစ်မြတ်နိုးသူများနှင့် စာ‌ဖတ်ဝိုင်းအား ကျင်းပခဲ့ကြောင်း သိရသည်။

စာဖတ်ဝိုင်းတွင် ကော့မှူးမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဦးစီးအရာရှိ ဒေါ်ဇာခြည်စိမ့်က စာပေချစ်မြတ်နိုးသူများ အချင်းချင်းဝိုင်းဖွဲ့ ဆွေးနွေးခြင်းအားဖြင့်  တစ်ဦးချင်းစီ၏ အတွေးအခေါ် အသိအမြင်များရရှိစေရန်နှင့် စာဖတ်ဝိုင်းပြုလုပ်ရခြင်း၏ ရည်ရွယ်ချက်များအား ရှင်းလင်းပြောကြားခဲ့သည်။ ဆက်လက်၍ Book Club အသင်းဥက္ကဋ္ဌ ဦးခင်ဇော်(စာရေးဆရာခင်ဇော်ကော့မှူး)က စာရေးဆရာတင်နိုင်တိုး ရေးသားသည့်“ မြန်မာ့သတင်းစာများထဲမှ သမိုင်းဆိုင်ရာဆောင်းပါးများ” စာအုပ်ထဲမှ “တော်လှန်ရေးကောင်စီ လက်ထက်သတင်းနှင့်သတင်းဓာတ်ပုံဆု” ခေါင်းစဉ်ဖြင့်လည်းကောင်း ဦးစိန်လှက “ ပါလီမန်ခေတ် နိုင်ငံတော်သမ္မတ ဦးဝင်းမောင်၏သတင်းစာရှင်းလင်းပွဲ” ခေါင်းစဉ်ဖြင့်လည်းကောင်း၊ အဖွဲ့ဝင်ဒေါ်တင်သန်းက “ ရတနာပုံနေပြည်တော်သတင်းစာနှင့် သတင်းစာဆရာ ဘိုးဝဇီရ”ခေါင်းစဉ်ဖြင့် ဆွေးနွေးခဲ့ကြသည်။

ထို့နောက် Book Club အသင်းဥက္ကဋ္ဌ ဦးခင်ဇော်က ဦးဆောင်ဆွေးနွေးသူအဖြစ် ဆောင်ရွက်ရာ သတင်းစာတစ်စောင်တွင် သတင်းကအရေးကြီးသကဲ့သို့ သတင်းဓာတ်ပုံသည်လည်း အရေးပါလှကြောင်း၊ သို့ကြောင့်လည်း သတင်းစာအယ်ဒီတာချုပ်ဟောင်း တစ်ဦးက “စာလုံးတစ်ရာ ပုံလွှာတစ်ချပ်”ဟု ပြောဆိုခြင်းဖြစ်ပါကြောင်း၊ ကမ္ဘာ့သတင်းစာလောကတွင် သတင်းစာ၌ ဖော်ပြခဲ့သည့် ပထမဦးဆုံးသတင်းဓာတ်ပုံမှာ ၂၁ ရက်ဇန်နဝါရီ၊ ၁၈၉၇ တွင် နယူယောက်ထရီဗြွန်းသတင်းစာ၌ ဖော်ပြခဲ့သည့် ဆီးနိတ်အမတ်‌ သောမတ်စီပလတ်၏ ပုံဖြစ်ပါကြောင်း၊ ထို့အတူမြန်မာ့သတင်းစာလောကမှ ပထမဆုံးသတင်းဓာတ်ပုံမှာ ၁၀ ရက် ဒီဇင်ဘာ၊ ၁၉၁၂ ရက်စွဲပါ သူရိယသတင်းစာပါ ပထမပြန်စာမေးပွဲတွင် ပထမငယ်ဝင်ရောက်ဖြေဆို အောင်မြင်သူ မောင်အောင်ဘော၏ဓာတ်ပုံဖြစ်ပါကြောင်းနှင့် စာအုပ်ပါအကြောင်းအရာများအား ဆွေးနွေးခဲ့သည်။

ကျော်သူရ(ကော့မှူး)