မိုင်းဆတ် ဧပြီ ၆
ရှမ်းပြည်နယ်(အရှေ့ပိုင်း)မိုင်းဆတ်မြို့၌ ခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် မြို့နယ်ဥပဒေရုံးတို့ ပူးပေါင်း၍ မူးယစ်ဆေးဝါးနှင့် စိတ်ကို ပြောင်းလဲစေသော ဆေးဝါးများဆိုင်ရာ ဥပဒေအကြောင်း အသိပညာပေး Talk Show ဆွေးနွေးပွဲကို ယမန်နေ့ နံနက်(၁၁)နာရီအချိန်က (Community Centre) ခန်းမတွင် ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
ရှေးဦးစွာ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ မိုင်းဆတ်ခရိုင်ရုံးမှ လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်မျိုးမျိုးသွယ်က ကမ္ဘာပေါ်တွင် မူးယစ်ဆေးဝါး စတင်ပေါ်ပေါက်လာသည့်အချိန်နှင့် မြန်မာနိုင်ငံသို့ စတင်ရောက်ရှိလာမှုအခြေအနေများကိုလည်းကောင်း၊ မူးယစ်ဆေးဝါးအမျိုးအစားနှင့် မူးယစ်ဆေးသုံးစွဲကြသည့် အကြောင်းအရင်းများကိုလည်းကောင်း၊ မူးယစ်ဆေးဝါး၏ ဆိုးကျိုးအန္တရာယ်များကိုလည်းကောင်း၊ မူးယစ်ဆေးဝါးသုံးစွဲခြင်းနှင့် ရောင်းဝယ်ခြင်းဖြင့် ကျခံရမည့် ပြစ်မှု၊ ပြစ်ဒဏ်များကိုလည်းကောင်း မေးမြန်းဆွေးနွေးခဲ့ရာ မြို့နယ်ဥပဒေအရာရှိ ဦးထက်ပိုင်လင်းက မူးယစ်ဆေးဝါးဖြစ်သည့် ဘိန်းကို လွန်ခဲ့သော ဘီစီ (၅၀၀၀)ခန့်က အီရတ်နိုင်ငံရှိ ဆူမားရီးယန်းလူမျိုးများက စတင်တွေ့ရှိခဲ့ကြောင်း၊ ဘိန်းပင်၊ ကိုးကားပင်၊ ဆေးခြောက်ပင်များကို ကျန်းမာရေးဝန်ကြီးဌာနမှ မူးယစ်ဆေးဝါးအဖြစ် ကြေညာထားကြောင်း၊ မူးယစ်ဆေးဝါးအမျိုးအစားများမှာ အဲကိုဟော၊ အက်စ်ဖီတမင်း၊ ဟယ်ရိုးအင်း၊ ဘိန်းဖြူ၊ ကတ်တမင်း၊ ဖော်မင်း စသဖြင့် မှတ်တမ်းများအရ တွေ့ရှိရကြောင်း၊ မူးယစ်ဆေးဝါးသုံးစွဲရန် လက်ဝယ်ထားရှိသူများအား မြန်မာနိုင်ငံရဲတပ်ဖွဲ့မှ မူး/စိတ် ဥပဒေပုဒ်မ-၁၆(ဂ)ဖြင့် အရေးယူနိုင်ကြောင်းနှင့် မူးယစ်ဆေးဝါးရောင်းချသူများအား မူး/စိတ် ဥပဒေပုဒ်မ-၁၉(က)ဖြင့် အရေးယူအပြစ်ပေးနိုင်ကြောင်း အကျယ်တဝင့် အသိပညာပေးဆွေးနွေး ဖြေကြားခဲ့ကြောင်း သိရသည်။
မြင့်မောင်(ပြန်/ဆက်)