မဟာအောင်မြေမြို့နယ်အတွင်းရှိ စာကြည့်တိုက်များအတွက် မြန်မာနိုင်ငံစာကြည့်တိုက် ဖောင်ဒေးရှင်းမှ စာအုပ်များ လှူဒါန်းပေး

မဟာအောင်မြေ ဧပြီ ၆

မန္တလေးတိုင်းဒေသကြီး၊ မဟာ‌အောင်မြေမြို့နယ် အထွေထွေအုပ်ချုပ်‌ရေးဦးစီးဌာန စာကြည့်တိုက်နှင့် ရပ်ကွက်များရှိ စာကြည့်တိုက်များ၊ မြို့နယ်အတွင်းရှိ (ထက်၊လယ်၊မူ) အခြေခံပညာကျောင်းများရှိ စာကြည့်တိုက်များအတွက် မြန်မာနိုင်ငံစာကြည့်တိုက် ဖောင်ဒေးရှင်းမှ လှူဒါန်းသည့် စာအုပ်များ ထပ်ဆင့်လှူဒါန်းခြင်း အခမ်းအနားကို ယနေ့နံနက်ပိုင်းက မဟာ‌အောင်မြေမြို့နယ် Community Centre ခန်းမ၌ ပေးအပ် လှူဒါန်းခဲ့သည်။

ထိုသို့ မြန်မာနိုင်ငံစာကြည့်တိုက် ဖောင်ဒေးရှင်းမှ စာအုပ်များ လှူဒါန်းပေးမှုနှင့် ပတ်သက်၍ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဦးစီးအရာရှိ ဦးဘိုဘိုဟန်က အများပြည်သူများ အသိပညာဗဟုသုတတိုးပွားစေရန်နှင့် အမှားအမှန် ဝေဖန်ပိုင်းခြားနိုင်စေရန်၊ စာအုပ်စာပေဖတ်ရှုမှု အလေ့အထဖြစ်‌စေရန်ရည်ရွယ်၍ သုတ၊ရသစာအုပ်များ ထပ်ဆင့်လှူဒါန်း ပေးရခြင်းဖြစ်‌ကြောင်း ပြောကြားပြီး မြို့နယ်အထွေထွေအုပ်ချုပ်‌ရေးဦးစီးဌာန ဒု-မြို့နယ် အုပ်ချုပ်ရေးမှူး ဦးကျော်လင်းခိုင်နှင့် မြို့နယ် ဒု-ပညာရေးမှူး ဦးလွမ်းဇေတို့မှ လှူဒါန်ပေးသည့် သုတ၊ရသ စာအုပ်များအား လက်ခံရယူခဲ့ကြောင်း သိရသည်။

အောင်ဇော်မင်း