မိုင်းယောင်း ဧပြီ ၆
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ မိုင်းယောင်းခရိုင်၊ မိုင်းယောင်းမြို့နယ် ဝမ်ကောင်းအုပ်စု၊ ဝမ်ကုန်ကျေးရွာအနီးရှိ ရှေးဟောင်းသမိုင်းဝင် ထပ်ပန့်မိန်းစေတီ ဗုဒ္ဓပူဇနိယပွဲကို ယနေ့နံနက် ၁၀ နာရီက အဆိုပါစေတီတော်မြတ်ကြီး၏ ရင်ပြင်တော်ပေါ်၌ ကျင်းပကြောင်း သိရသည်။
ရှေးဦးစွာ မြို့နယ်သံဃနာယကအဖွဲ့ဥက္ကဋ္ဌ ဟိုခုံပရိယတ္တိစာသင်တိုက်ဆရာတော် မဟာသဒ္ဓမ္မဇောတိကဓဇ ဘဒ္ဒန္တဂန္ဓရသဝံသောထံမှ ငါးပါးသီလ ခံယူဆောက်တည်၍ သံဃာတော်များက မေတ္တာသုတ်ပရိတ်တရားတော်များ ရွတ်ဖတ်သရဇ္ဇျယ်တော်မူကြပြီး မြို့နယ်ဂေါပကအဖွဲ့ဥက္ကဋ္ဌ ဦးနန်မဟာလျှဲန်နှင့် မြို့မိမြို့ဖများ၊ အလှူရှင်များက ဆရာတော်၊ သံဃာတော်များအား လူဖွယ်ဝတ္တုပစ္စည်းများ ဆက်ကပ်လှူဒါန်းကြသည်။
ထို့နောက် ဝမ်ကုန်ကျေးရွာဘုန်းကြီးကျောင်း ဆရာတော်ထံမှ ရေစက်ချ အနုမောဒနာတရား နာယူကြည်ညိုပြီး ဆရာတော်၊ သံဃာတော်များအား နေ့ဆွမ်းဆက်ကပ်လှူဒါန်းခဲ့သည်။
အလားတူ ထေရဝါဒဗုဒ္ဓသာသနာပြု(မိုင်းဟန်)ကျောင်းတွင် ရှင်ပြုအလှူမင်္ဂလာပွဲနှင့် ဆွမ်းဆန်စိမ်းလောင်းလှူပွဲ၊ ဝမ်တပ်ကျေးရွာ ဘုန်းကြီးကျောင်း သာသနာ့ဗိမာန်တော် ရေစက်ချအလှူမင်္ဂလာပွဲလည်း စည်ကားစွာ ကျင်းပခဲ့ကြကြောင်း သိရသည်။
စိုင်းအောင်ဇော်လင်း