ကျောက်ဆည် ဧပြီ ၆
မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်မြို့နယ်တွင် ကုန်စည်စီးဆင်းမှုမြန်ဆန်စေရေး ၂၀၂၂-၂၀၂၃ ဘဏ္ဍာနှစ်တွင် ကျောက်ဆည်-တံစိုး-မင်းစု-ထုံးကြီး-မြစ်သားလမ်းမှ ပျက်စီးနေသည့်လမ်းပိုင်း(၂)နေရာအား မြို့နယ်လမ်းဦးစီးဌာနမှ ပြန်လည်ပြုပြင်ပေးခဲ့ရာ လုပ်ငန်းများရာနှုန်းပြည့်ပြီးစီဖြစ်၍ ပြည်သူများ အဆင်ပြေလျက်ရှိကြောင်း သိရသည်။
ပြန်လည်ပြုပြင်ခြင်း လုပ်ငန်းများကို မန္တလေးတိုင်းဒေသကြီးခွင့်ပြုရန်ပုံငွေ (၁၈၁.၃၇၀) ကျပ်သန်းဖြင့်ပျက်စီးနေသည့် လမ်း၏ (၈.၈၅) ကီလိုမီတာနှင့် (၉.၀၅)ကီလိုမီတာ ကြားရှိ (၀.၂) ကီလိုမီတာ၊ (၁၁.၂၇) ကီလိုမီတာနှင့် (၁၂.၀၇) ကီလိုမီတာ အတွင်းရှိ (၀.၈)ကီလိုမီတာ (၂)နေရာအား မူလလမ်းအကျယ် (၃.၆၆) မီတာ လမ်းမျက်နှာပြင်အား တူးထုတ်၍ (၅၀-၁၀၀)မီလီမီတာကျောက်များ ဖြည့်ခင်းကြိတ်ပြီး အကျယ်(၃.၆၆) မီတာမှ (၅.၅)မီတာအကျယ် ကတ္တရာလမ်းချဲ့ရန် လမ်းတစ်ဖက်စီတွင် (၁.၅၂) မီတာ အကျယ်အား (၅၀-၁၀၀)မီတာ ကျောက်များဖြင့် (၂၅၀)မီလီမီတာထု၊ ဒုတိယအခြေခံအလွှာခင်းပြီး အခြေခံလွှာအဖြစ် (၇၅)မီလီမီတာအောက်ရှိ ကျောက်များဖြင့် (၆.၁) မီတာအကျယ် (၁၂၅) မီလီမီတာထု (၂)လွှာခင်းခြင်း၊ (၂၅-၅၀) မီလီမီတာကျောက်များဖြင့် (၅.၅)မီတာအကျယ် (၇၅)မီလီမီတာထု အပွန်းခံ အလွှာခင်းခြင်း၊ (၃၇.၅) မီလီမီတာထုအဝင် ကတ္တရာလောင်းခြင်းနှင့် ကတ္တရာရေပိတ်အလွှာ လောင်းခြင်း၊ လမ်းပုခုံးများပြုပြင်ခြင်းများ ဆောင်ရွက်ပေးခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
အဆိုပါ ပျက်စီးနေသည့် လမ်းပိုင်းများအား ပြန်လည်ပြုပြင်ပေးခြင်းကြောင့် ကျောက်ဆည်-တံစိုး-မင်းစု-ထုံးကြီး-မြစ်သားလမ်းအား အသုံးပြုနေသည့် ပြည်သူများအတွက် ကုန်ပစ္စည်းများ သယ်ယူရာတွင် အချိန်နှင့်ကုန်ကျမှုစရိတ်များသက်သာလာစေပြီးလူမှုရေး၊ စီးပွား ရေး၊ ကျန်းမာရေး၊ ပညာရေးကဏ္ဍများ ပိုမိုဖွံ့ဖြိးတိုးတက်လာပြီဖြစ်ကြောင်း သိရသည်။
သက်မောင်(ကျောက်ဆည်)