နောင်ချိုမြို့နယ် သဖန်းကိုင်းပရဟိတအကယ်ဒမီ ဝိပဿနာဓမ္မရိပ်သာ၌ ကျင်းပမည့် သတ္တမအကြိမ်မြောက် မိုးကုတ်ဝိပဿနာ(၅)ရက် တရားစခန်းသို့ အလှူငွေများ လှူဒါန်း

နောင်ချို ဧပြီ ၆

ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ကျောက်မဲခရိုင်၊ နောင်ချိုမြို့နယ် သဖန်းကိုင်းပရဟိတ အကယ်ဒမီဝိပဿနာဓမ္မရိပ်သာ၌ ကျင်းပမည့် သတ္တမအကြိမ်မြောက် မဟာသတိပဋ္ဌာန်းမိုးကုတ်ဝိပဿနာ(၅)ရက်တရားစခန်းသို့ အလှူငွေများကို ယမန်နေ့က လှူဒါန်းခဲ့ကြောင်း သဖန်းကိုင်းပရဟိတဆရာတော်ထံမှ သိရသည်။

လှူဒါန်းရာတွင် နောင်ချိုမြို့ အာရှဝင်းလိုက် အိမ်ဆောက်ပစ္စည်းရောင်းဝယ်ရေးမိသားစုမှ တရားစခန်းသို့ ဝင်ရောက်ကြမည့် ရဟန်းသံဃာတော်များ ယောဂီသူတော်စင်များအတွက် တစ်ရက်စာ ဆွမ်းအာဟာရ အလှူငွေကျပ် (၁၀)သိန်းကို လှူဒါန်းခဲ့ပြီး ယခင်ရက်များ၌ အခြားအလှူရှင်အသီးသီးတို့ကလည်း လှူဒါန်းပေးခဲ့ကြောင်း သိရသည်။

အဆိုပါတရားစခန်းကို မြန်မာသက္ကရာဇ် ၁၃၈၄ ခုနှစ်‌ နှောင်းတန်ခူးလပြည့်ကျော် ၉ ရက် (၁၃-၄-၂၀၂၃)နေ့မှ ဦးတန်ခူးလပြည့်ကျော် ၁၄ ရက် (၁၈-၄-၂၀၂၃)နေ့အထိ ၅ ရက်တိုင်တိုင် ကျင်းပသွားမည်ဖြစ်ကြောင်း၊ အဆိုပါတရားစခန်းသို့ မိုးကုတ်ကမ္မဌာနာစရိယ ဆရာတော်များ ကြွရောက်၍ ဝိပဿနာ အလုပ်ပေးတရားတော်များ ဟောကြားပြသပေးသွားမည်ဖြစ်ကြောင်း၊ တရားစခန်းအား သဖန်းကိုင်းပရဟိတဆရာတော် သဒ္ဒမ္မဇောတိကဓဇ ဒေါက်တာဘဒ္ဒန္တပညာလင်္ကာရ ဦးဆောင်ဖွင့်လှစ်သွားမည်ဖြစ်ကြောင်းနှင့် တရားစခန်းသို့ ဝင်ရောက်ကြသည့် ရဟန်းလူယောဂီသူတော်စင်များ ချမ်းသာလွယ်ကူစွာ တရားအားထုတ်နိုင်ကြစေရန် အလှူရှင်များအနေဖြင့် နံနက်အရုဏ်ဆွမ်း၊ နေ့ဆွမ်း၊ ဘောဇဉ်ဖျော်ရည်၊ သောက်ရေသန့်၊ တစ်နေ့တာလျှပ်စစ်မီး၊ ဆေးပစ္စည်းတို့အား လှူဒါန်းလိုပါက တရားစခန်းဖြစ်မြောက်ရေး အကျိုးဆောင်များထံသို့ ဆက်သွယ်လှူဒါန်းနိုင်ကြောင်း သဖန်းကိုင်း ပရဟိတဆရာတော်ထံမှ သိရသည်။

ထွေးငယ်(နောင်ချို၊ပြန်/ဆက်)