ဆီဆိုင် ဧပြီ ၆
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ဆီဆိုင်မြို့နယ်တွင် ဒေသခံကလေးများ ပညာရေးပတ်ဝန်းကျင်ကောင်းတွင် ပညာသင်ယူနိုင်ရန်အတွက် ဒေသခံပြည်သူများနှင့်ပူးပေါင်းပြီး ကျောင်းဆောင်သစ်များ ဆောက်လုပ်ပေးခြင်းမှတစ်ဆင့် ဒေသဖွံ့ဖြိုးတိုးတက်စေရန်အတွက် နယ်စပ်ရေးရာ၀န်ကြီးဌာန၊ နယ်စပ်ဒေသနှင့်တိုင်းရင်းသားလူမျိုးများဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန၏ ပံ့ပိုးကူညီမှု၊ နိပွန်ဖောင်ဒေးရှင်း၏ ရန်ပုံငွေထောက်ပံ့မှုဖြင့်၊ စေတနာအဖွဲ့နှင့်ဒေသခံပြည်သူများ ပူးပေါင်းဆောက်လုပ်သော လွယ်ပွတ်ကျေးရွာအုပ်စု၊ တောရကျေးရွာတောရ အခြေခံပညာမူလတန်း(လွန်)ကျောင်း ကျောင်းဆောင်သစ်အား ပညာရေးဝန်ကြီးဌာနသို့ လွှဲပြောင်းပေးအပ်ပွဲအခမ်းအနားကို ယမန်နေ့ နံနက် ၁၀ နာရီက အဆိုပါ ကျောင်းဆောင်သစ်ရှေ့၌ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
ရှေးဦးစွာ ကျောင်းဆောင်သစ်အား နယ်စပ်ဒေသနှင့်တိုင်းရင်းသားလူမျိုးများဖွံ့ဖြိုး တိုးတက်ရေးဦးစီးဌာန၊ ပအိုဝ်းဒေသဖွံ့ဖြိုးမှုကြီးကြပ်ရေးရုံးမှ ဒုတိယညွှန်ကြားရေးမှူး ဦးဆွေလင်းမြင့်၊ ဆီဆိုင်မြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့၊ အတွင်းရေးမှူး ရဲမှူးမောင်မောင်ကျာ်၊ အဖွဲ့ဝင် ဦးခွန်အောင်ကျော်မြင့်၊ မြို့နယ်ပညာရေးမှူး ဦးလှဝင်း၊ နိပွန်ဖောင်ဒေးရှင်း(စေတနာ)အဖွဲ့ ဒေသဆိုင်ရာစီမံကိန်းဒါရိုက်တာ ဒေါ်အေးအေးသန့်နှင့် တာဝန်ရှိသူတို့က ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးပြီး အမှတ်တရသစ်ပင်များ စိုက်ပျိုးပေးခဲ့ကြသည်။ ဆက်လက်၍ တာဝန်ရှိသူတို့က ကျောင်းဆောင်သစ် ဆောက်လုပ်ထားမှုအခြေအနေတို့ကို လှည့်လည်ကြည့်ရှုစစ်ဆေးပြီးနောက် အဆိုပါကျောင်းတွင် အခမ်းအနားအား ဆက်လက်ကျင်းပရာ နယ်စပ်ဒေသနှင့်တိုင်းရင်းသားလူမျိုးများ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန၊ ပအိုဝ်းဒေသဖွံ့ဖြိုးမှုကြီးကြပ်ရေးရုံးမှ ဒုတိယညွှန်ကြားရေးမှူး ဦးဆွေလင်းမြင့်က နယ်စပ်ရေးရာဝန်ကြီးဌာနအနေဖြင့် နယ်စပ်ဒေသတွင် နေထိုင်လျက်ရှိကြသော တိုင်းရင်းသားများ၏ လူမူစီးပွားဘဝဖွံ့ဖြိုးတိုးတက်ရေးအတွက် ဆောင်ရွက်နေသည့် အခြေအနေများနှင့် နိုင်ငံတကာအစိုးရမဟုတ်သော အဖွဲ့အစည်းများ၏ အကူအညီ အထောက်အပံ့များနှင့်လည်း ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများကို ဆောင်ရွက်ပေးလျက်ရှိပါကြောင်း ပြောကြားသည်။ ထို့နောက် ဆီဆိုင်မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့၊ အတွင်းရေးမှူး ရဲမှူးမောင်မောင်ကျာ်၊ အဖွဲ့ဝင် ဦးခွန်အောင်ကျော်မြင့်၊ မြို့နယ်ပညာရေးမှူး ဦးလှဝင်းတို့က လွယ်ပွတ်ကျေးရွာအုပ်စု၊ တောရ အခြေခံပညာမူလတန်း(လွန်)ကျောင်း ကျောင်းဆောင်သစ်အား ပညာရေးဝန်ကြီးဌာနသို့ လွှဲပြောင်းပေးအပ်ခြင်းအတွက် ဝမ်းသာဂုဏ်ယူမိပါကြောင်း၊ နိပွန်ဖောင်ဒေးရှင်း(စေတနာ) အဖွဲ့များကို အထူးပင်ကျေးဇူးတင်ရှိပါကြောင်း၊ ဒေသခံပြည်သူများအနေဖြင့်လည်း ကျောင်းဆောင်များ ရေရှည်တည်တံ့ရေး၊ ကျောင်းနှင့်ပတ်ဝန်းကျင်စိမ်းလန်းစိုပြေရေးအတွက် ဝိုင်းဝန်းပံ့ပိုး ပေးစေလိုကြောင်းနှင့် ကျောင်းနေအရွယ်ကလေးများကျောင်းသို့ ရောက်ရှိရေး ကျောင်းသားမိဘများက ပါဝင်ဆောင်ရွက်ကြရန် လိုအပ်ကြောင်း ပြောကြားပြီး နိပွန်ဖောင်ဒေးရှင်း(စေတနာ) အဖွဲ့ ဒေသဆိုင်ရာစီမံကိန်းဒါရိုက်တာ ဒေါ်အေးအေးသန့်က ကျောင်းဆောင်သစ် ဆောက်လုပ်ခြင်းနှင့်ပတ်သက်၍ ရှင်းလင်းပြောကြားခဲ့သည်။
ယင်းနောက် ကျောင်းဆောင်သစ်နှင့် သက်ဆိုင်သော စာရွက်စာတမ်းများကို နိပွန်ဖောင်ဒေးရှင်း(စေတနာ)အဖွဲ့ ဒေသဆိုင်ရာစီမံကိန်းဒါရိုက်တာက မြို့နယ်ပညာရေးမှူး ဦးလှဝင်းထံသို့ လွှဲပြောင်းပေးအပ်ခဲ့ပြီး စေတနာအဖွဲ့မှ လူထုဖွံ့ဖြိုးရေးကော်မတီသို့ လူထုဖွံ့ဖြိုးရေးရန်ပုံငွေကျပ်သိန်း(၁၂၀)အားပေးအပ်ရာ ဒေသခံများကိုယ်စား ရပ်မိရပ်ဖ တစ်ဦးက ကျေးဇူးတင်စကား ပြန်လည်ပြောကြားခဲ့ကြောင်း သိရသည်။ တောရအခြေခံပညာမူလတန်း(လွန်) ကျောင်း၊ ကျောင်းဆောင်သစ်အား စေတနာအဖွဲ့၏ ငြိမ်းချမ်းရေးနှင့်ဖွံ့ဖြိုးတိုးတက်ရေးအတွက် ပညာသင်ကြားခြင်းစီမံကိန်း(၂၀၂၁ စီမံကိန်းနှစ်)ဖြင့် အလျား ၁၂၀ ပေ၊ အနံ ၃၀ ပေရှိ အုတ်ညှပ် တစ်ထပ်ကျောင်းဆောင်၊ အလူဇင့်သွပ်မိုး၊ အုတ်ကာ၊ အင်္ဂတေခင်း၊ (၆)ခန်းတွဲ ရေလောင်းအိမ်သာ(၅)ခန်းတွဲ (၁)လုံး၊ ရေလှောင်ကန်(၁)လုံး၊ အလံတိုင်(၁)တိုင်၊ ဆရာ/ဆရာမ စားပွဲ/ထိုင်ခုံ(၆)စုံ၊ ကျောင်းသား၊ ကျောင်းသူ စာရေးစားပွဲ/ထိုင်ခုံ(၆၀)စုံနှင့် White Board(၁၂)ချပ်တို့ဖြစ်ပြီး နိပွန်ဖောင်ဒေးရှင်း(စေတနာ)အဖွဲ့မှ ပံ့ပိုးငွေကျပ်(၇၉၈၄၄၉၂၀)နှင့် ဒေသခံပြည်သူလူထုပူးပေါင်း ထည့်ဝင်ငွေကျပ်(၁၆၁၃၈၀၅၀)၊ စုစုပေါင်း ငွေကျပ်(၉၅၉၈၂၉၇၀) တို့ဖြင့် ဆောက်လုပ်ခဲ့ကြောင်း သိရသည်။
မျိုးမြတ်(ဆီဆိုင်)