ကျောက်ဆည် ဧပြီ ၆
မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်မြို့နယ်တွင် မြန်မာသက္ကရာဇ် ၁၃၈၄ ခုနှစ် မြန်မာ့ရိုးရာယဉ်ကျေးမှု မဟာသင်္ကြန်ပွဲတော်အား မြန်မာ့ရိုးရာဓလေ့ထုံးတမ်းအစဉ်အလာများ နှင့်အညီ ရိုးရာမပျက် ကျင်းပပြုလုပ်သွားမည်ဖြစ်ပြီး ပြည်သူများစိတ်နှလုံးချမ်းမြေ့စွာဖြင့် ပျော်ရွှင်စွာ သင်္ကြန်ပွဲတော်တွင်ပါဝင်ဆင်နွှဲနိုင်ရေးနှင့် စည်ကားသိုက်မြိုက်စွာ ကျင်းပပြုလုပ်သွားမည်ဖြစ်ရာ မဟာသင်္ကြ်န်ပွဲတော်၌ ပါဝင်ယှဉ်ပြိုင်ကပြဖျော်ဖြေကြမည့် အကယိမ်းအဖွဲ့များ အကတိုက်လေ့ကျင့်မှုများ ပြုလုပ်လျက်ရှိကြောင်း သိရသည်။
ကျောက်ဆည်မြို့နယ်အနေဖြင့် မဟာသင်္ကြန်ပွဲတော်အား စည်ကားသိုက်မြိုက်စွာ ကျင်းပနိုင်ရေး ဦးစီးကော်မတီများ၊ လုပ်ငန်းကော်မတီများအနေဖြင့် မိမိတို့ တာဝန်ယူလုပ် ဆောင်ရမည့်လုပ်ငန်းများကို စတင်လုပ်ဆောင်လျက်ရှိပြီး ပြည်သူများရေကစားရာတွင် ပျော်ရွှင်စွာ ပါဝင်ရေကစားနိုင်ရေးနှင့် ယခင်နှစ်များထက် စည်ကားသိုက်မြိုက်စွာ ကျင်းပနိုင်စေရေးအတွက် အကအဖွဲ့ (၁၁) ဖွဲ့ ဖျော်ရေးအဖွဲ့ (၁၁) ဖွဲ့နှင့် ခေတ်ပေါ်တေးဂီတများဖြင့် ဖျော်ဖြေသွားမည်ဖြစ်ပြီး ပြိုင်ပွဲဝင်အကအဖွဲ့များအား အကောင်းဆုံး ကပြယှဉ်ပြိုင်သွားမည့်အပေါ်ရွေးချယ်ပြီး ပထမ၊ ဒုတိယ၊ တတိယဆုများနှင့် နှစ်သိမ့် ဆုများရွေးချယ်ပြီး ဆုငွေများချီးမြှင့်သွားမည်။ ကပြဖျော်ဖြေရာတွင် မြို့ပေါ်ရပ်ကွက်များနှင့် ဌာနဆိုင်ရာများမှ အကအဖွဲ့များ ဝင်ရောက်ယှဉ်ပြိုင်သွားမည်ဖြစ်ကြောင်းနှင့် အကအဖွဲ့များအနေဖြင့် အကောင်းဆုံးကပြဖျော်ဖြေနိုင်ရေး မိမိတို့စုရပ်များအလိုက် အကတိုက်လေ့ကျင့်မှုများ ပြုလုပ်လျက်ရှိကြောင်း သိရသည်။
သက်မောင်(ကျောက်ဆည်)