မိုင်းဖြတ် ဧပြီ ၆
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ မိုင်းဖြတ်မြို့နယ်တွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ စာပေချစ်မြတ်နိုးသူများအသင်း (Book Club)၊ အမျိုးသမီးရေးရာအသင်း (Woman Club) တို့မှ ပူးပေါင်းဆောင်ရွက်သည့် လူငယ်နဲ့ စရိုက်ဆိုး စာအုပ်ဖြင့် စာဖတ်ဝိုင်းကို ယမန်နေ့ မွန်းလွှဲပိုင်းက လူထုအခြေပြုဗဟိုဌာန (Community Centre) ၌ ကျင်းပပြုလုပ်ခဲ့သည်။
ရှေးဦးစွာ မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ မြို့နယ်ဦးစီးမှူး ဦးရှောလမွန်က စာဖတ်ဝိုင်းကျင်းပပြုလုပ်ရခြင်း ရည်ရွယ်ချက်နှင့် စာရေးဆရာ၏ မိတ်ဆက်စာအား ရှင်းလင်းပြောကြားခဲ့သည်။ ထို့နောက် စာပေချစ်မြတ်နိုးသူများအသင်း(Book Club) ဥက္ကဋ္ဌ ဦးမျိုးတင့်က စာပေရသနှင့် စာပေအကျိုးကျေးဇူးများကို ရှင်းလင်းပြောကြားပြီး အမျိုးသမီးရေးရာအသင်း (Woman Club) ဥက္ကဋ္ဌ ဒေါ်သီတာဝင်းက စာဖတ်ဝိုင်းပြုလုပ်ခြင်း၏ အကျိုးကျေးဇူးများ၊ တန်ဖိုးရှိသောလူငယ်ဘဝ ဖွံ့ဖြိုးတိုးတက်စေရန်အတွက် စာပေကောင်းများ လေ့လာဖတ်ရှု၍ အချင်းချင်းအသိ ဖလှယ်တတ်သည့်အကျင့်၊ အသိပညာများ မျှဝေတတ်သည့် အကျင့်ရှိကြရန်၊ ဘဝအတွက် အစဉ်သင်ယူ လေ့လာလေ့ကျင့်မှု ရှိနေစေရန်နှင့်စပ်လျဉ်း၍ ရှင်းလင်းပြောကြားခဲ့သည်။
ဆက်လက်၍ စာရေးဆရာ မောင်မင်းစိုး၏ လူငယ်နဲ့စရိုက်ဆိုး စာအုပ်ဖြင့် စာဖတ်ဝိုင်းကိုပြုလုပ်ရာ စာပေချစ်မြတ်နိုးသူများအသင်း (Book Club) အတွင်းရေးမှူး ဦးအောင်မြတ်မိုးက လူငယ်နဲ့အောင်မြင်ရေး ခေါင်းစဉ်ဖြင့်လည်းကောင်း၊ မြို့နယ်ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲရေးဦးစီးဌာနမှ၊ ဦးစီးအရာရှိ ဦးရာဇာဝင်းထွန်းက လူငယ်နဲ့ပူးပေါင်းဆောင်ရွက်ခြင်း ခေါင်းစဉ်ဖြင့်လည်းကောင်း အသီးသီးဖတ်ကြားခဲ့ကြရာ တက်ရောက်လာသည့် ကျောင်းသားလူငယ်များက စာဖတ်ဝိုင်းမှ ရရှိသော အကျိုးတရားများနှင့် သင်ခန်းစာများ၊ ဗဟုသုတများကို ပြန်လည်ဆွေးနွေးခဲ့ကြကြောင်း သိရသည်။
အဆိုပါ စာအုပ်ဖြင့် စာဖတ်ဝိုင်းကျင်းပပြုလုပ်ရခြင်းမှာ လူ့ဘဝတွင် ရုပ်ပိုင်းနှင့်စိတ်ပိုင်းဆိုင်ရာ အောင်မြင်ရေးနှစ်မျိုးရှိပြီး လူငယ်များ အောင်မြင်ရေးလမ်းစကို လမ်းညွှန်ပေးနိုင်ကြောင်း၊ ယနေ့ခေတ် လူငယ်များရဲ့ စရိုက်ကို အခြေခံတဲ့ လမ်းညွှန် စာအုပ်ဖြစ်သောကြောင့် ဤစာအုပ်ဖြင့် ဆောင်ရွက်ခြင်းဖြစ်ကြောင်း မြို့နယ်ဦးစီးမှူး ဦးရှောလမွန်ထံက သိရသည်။
မြို့နယ်(ပြန်/ဆက်)