ပြည်ကြီးတံခွန်မြို့နယ်တွင် ရွေးကောက်ပွဲဆိုင်ရာ လုံခြုံရေးအတွက်အထူးရဲသင်တန်းဖွင့်လှစ်

ပြည်ကြီးတံခွန်   အောက်တိုဘာ   ၂

၂၀၂၀ ပြည့်နှစ် နိုဝင်ဘာ(၈) ရက်တွင် ကျင်းပမည့်ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲကာလ၌ လုံခြုံရေးဆောင်ရွက်မည့် အထူးရဲသင်တန်းကို ယမန်နေ့နံနက်ပိုင်းက မန္တလေးမြို့၊ ပြည်ကြီး တံခွန်မြို့နယ်ရှိ အထက(၂၇)ကျောင်း၌ ကျင်းပပြုလုပ်သည်။

ဖွင့်ပွဲတွင် ပြည်ကြီးတံခွန်မြို့နယ် ရဲတပ်ဖွဲ့မှူး ရဲမှူးနေမျိုးအောင်က သင်တန်းဖွင့်လှစ်ရခြင်းနှင့်ပတ်သက်၍ ရှင်းလင်းပြောကြားသည်။ ထို့နောက် မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ မြို့နယ်ဦးစီးမှူး ဒေါက်တာနှင်းဇော်သိန်း က ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနမှ ချမှတ်ထားသည့် ကျန်းမာရေးဆိုင်ရာစည်းမျဉ်းစည်းကမ်းများအား ရှင်းလင်းပြောကြားသည်။

အဆိုပါ သင်တန်းတွင် လက်နက်မဲ့စစ်ရေးပြ၊လူ့အခွင့်အရေးဆိုင်ရာဉပဒေ၊ရဲလက်စွဲ၊ရဲစည်းကမ်း၊ ရွေးကောက်ပွဲ ဆိုင်ရာဥပဒေ၊ပြည်သူလူထု ပူးပေါင်းပါဝင်သောရဲလုပ်ငန်းစနစ် အစရှိသော ဘာသာရပ်များအား သင်ကြားပို့ချ သွားမည်ဖြစ် ပြီး သင်တန်းကို သင်တန်းသား(၇၁)ဦးအား နှစ်သုတ်ခွဲကာ အောက်တိုဘာ (၁) ရက် မှ (၂၈) ရက်အထိ (၄)ပတ်ကြာဖွင့်လှစ်သင်ကြားသွားမည်ဖြစ်သည်။

ဖွင့်ပွဲသို့ ပြည်ကြီးတံခွန်မြို့နယ်အုပ်ချုပ်ရေးမှူး ဦးလရော်နှင့် မြို့နယ်အဆင့်ဌာနဆိုင်ရာတာဝန်ရှိသူများ၊ သင်တန်း နည်းပြများ၊မြို့မိမြို့ဖများနှင့်အထူးရဲသင်တန်းသားများတက်ရောက်ခဲ့သည်။

သန်းဇော်မင်း(ပြန်/ဆက်)