မိုင်းဖြတ် ဧပြီ ၆
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ တာချီလိတ်ခရိုင်၊ မိုင်းဖြတ်မြို့နယ်တွင် လူငယ်များစာပေအသိပညာ ဗဟုသုတတိုးပွား၍ ဗလငါးတန်ဖွံ့ဖြိုးတိုးတက် စေရန်အတွက် လူငယ်ရေးရာဆိုင်အသိပညာပေး ဟောပြောပွဲကို ယမန်နေ့ နံနက် ၉ နာရီက မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေး ဦးစီးဌာနရှိ လူထုအခြေပြုဗဟိုဌာန (Community Centre)၌ ကျင်းပပြုလုပ်ခဲ့သည်။
ဟောပြောပွဲတွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ မြို့နယ်ဦးစီးမှူး ဦးရှောလမွန် က လူငယ်နဲ့မျှော်လင့်ခြင်းခေါင်းစဉ်ဖြင့် လူတိုင်းမှာမျော်လင့်ခြင်းနှင့် ရှင်သန်နေရကြောင်း၊ လိုချင်၊ဖြစ်ချင်တာကို မျှော်လင့်နေကြရသလို မိဘများကသားသမီးများကို လိမ္မာယဉ်ကျေး၍ လူတော်/လူကောင်းများဖြစ်ဖို့ မျှော်လင့်နေရကြောင်း၊ မျှော်လင့်ချက်ပြည့်မြောက်စေရန်အချိန် ကို အကျိုးရှိစွာအသုံးချ၍ စာပေအသိပညာများ ကို လေ့လာဖတ်မှတ်ကြရန် လိုအပ်ကြောင်းနှင့် ဇွဲ၊ လုံ့လ၊ ဝိရိယဖြင့် နာခံကြိုးစားကြရန်၊ နိုင်ငံတော်အနေဖြင့်လည်း လူငယ်များအား အနာဂတ် ခေါင်းဆောင်ကောင်းများဖြစ်လာစေဖို့ မျှော်လင့်နေရသဖြင့် စိတ်ရောရုပ်ပါကောင်းသော ပြုပြင်ပြောင်းလဲမှုဖြင့် အစဉ်လေ့ကျင့် ကြိုးစားကြ ရမည်ဖြစ်ကြောင်း ရှင်းလင်းဟောပြောခဲ့သည်။
ဆက်လက်၍ ဟောပြောပွဲသို့ တက်ရောက်လာကြသည့် စာပေချစ်မြတ်နိုးသူများ (Book Club)၊ အမျိုးသမီးရေးရာအသင်း (Woman Club)နှင့် ကျောင်းသား၊ ကျောင်းသူများက မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ခင်းကျင်းပြသထားသော စာအုပ်စာစောင်များ နှင့် အသိပညာပေး နံရံကပ်စာစောင်များကို လေ့လာကြည့်ရှုခဲ့ကြကြောင်းသိရသည်။
မြို့နယ်(ပြန်/ဆက်)